CNI News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈
 
ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသော ဓာတ်ခွဲ နမူနာ ၃၀ ခုအား စစ်ဆေး ခဲ့ရာ ၄ ဦး၏ ဓာတ်ခွဲနမူနာများတွင် အိုမိုက်ခရွန် ရောဂါပိုး ရှိကြောင်း တွေ့ရှိရသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (ဒီဇင်ဘာ ၂၈ ရက်)ည ၈ နာရီမှာ သတင်းထုတ်ပြန်ခဲ့သည်။
 
အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသော ဓာတ်ခွဲ နမူနာ ၃၀ ခုအား ဒီဇင်ဘာ ၁၄ ရက်တွင် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇ စတင်စစ်ဆေးခြင်းအား ဆက်လက် ဆောင်ရွက်ခဲ့ ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
 
ထို့နောက် ဒီဇင်ဘာ ၂၈ ရက်တွင် ရရှိသော စစ်ဆေးမှုအဖြေအရ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှ Relidf Flight ဖြင့် ပြန်လည် ဝင် ရောက်လာသူ မြန်မာနိုင်ငံသား ၄ ဦး၏ ဓာတ်ခွဲနမူနာများတွင် အိုမိုက်ခရွန် ရောဂါပိုး တွေ့ရှိရပြီး ကျန်ဓာတ်ခွဲနမူနာ ၂၆ ခု၌ ဒယ်လ်တာ ရောဂါပိုး တွေ့ရှိရသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
 
ကျန်းမာရေးဝန်ကြီးဌာနက “အိုမိုက်ခရွန်ရောဂါပိုး ဓာတ်ခွဲတွေ့ရှိသူ ၄ ဦးအနက် ၁ ဦးသာလျှင် သာမန်ရောဂါလက္ခဏာ တွေ့ရှိ ရပြီး ကျန် ၃ ဦးသည် ရောဂါလက္ခဏာ မတွေ့ရှိရပါ။
ယင်းပုဂ္ဂိုလ် ၄ ဦးစလုံးအား ကုသရေးစင်တာများတွင် စောင့် ကြပ်ကြည့် ရှု၍ သတ်မှတ်ရက် ပြည့်မြောက်ပြီး ကျန်းမာရေး ကောင်း မွန်သောကြောင့် ကုသရေးစင်တာမှ ဆင်းခွင့် ပြုခဲ့ပါသည်”ဟု ပြောသည်။
 
လက်ရှိအချိန်တွင် ထို ၄ ဦးသည် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။