၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉
ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် လေးကေ့ကော် တိုက်ပွဲရှောင် ၁၀ ဦးကျော်တွင် ကိုဗစ်ပိုးတွေ့ရှိ ကြောင်း သွားရောက်ကူညီပေးနေသည့် ထိုင်းရောက်မြန်မာများထံမှ သိရသည်။
ထိုင်းအာဏာပိုင်များက ၎င်းတို့အား သီခြားထားရှိပြီး ဆေးကုသမှုပေးနေကြောင်းသိရကာ မျိုးဗီဇစစ်ဆေးခြင်း မလုပ်ရသေးသည့်အတွက် အိုမိုက်ခရွန် ဟုတ်မဟုတ် မသိရှိရကြောင်းနှင့် ယင်းသို့ ကိုဗစ်ပိုးတွေ့ရှိခြင်းအား ထိုင်းဘက်မှ တရားဝင်မထုတ်ပြန်ထားကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက CNI သတင်းဌာန သို့ ပြောသည်။
“ထိုင်းဘက်က တရားဝင်မထုတ်ပြန်တာဖြစ်တဲ့အတွက် ကျနော်တို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေအတွက် ဝမ်းသာစရာတစ်ခုဖြစ်တယ် ဒါပွင့်ပွင့်လင်းလင်းပြောရင်။ ဘာကြောင့်လဲဆိုတော့ ကျနော့်နိုင်ငံသူ နိုင်ငံသားတွေကို သူ့ နိုင်ငံသူ နိုင်ငံသားတွေက ကန့်ကွက်တာမျိုးတွေ နှင်ထုတ်တာမျိုးတွေ၊ အကြောက်တရားတွေနဲ့ ဖြစ်သွားတာ မျိုးတွေ မဖြစ်ရဘူးပေါ့။ နေစရာနေရာလေးရှိတာပေါ့ဗျာ လတ်တလောမှာ။ တော်ကြာ ဒီ ဗမာတွေကူးလာလို့ ဗမာတွေကြောင့် ကိုဗစ်ဖြစ်တယ်။ ငါတို့လည်း ကူးစက်နိုင်တယ်ဆိုပြီးတော့ စိုးရိမ်တကြီးနဲ့ ကန့်ကွက်တာတွေ ဘာတွေဖြစ်မှာကို ကျနော်တို့လည်း စိုးရိမ်တယ်” ဟု ဆိုသည်။
ထိုင်းတွင် အိုမိုက်ခရွန်ကူးစက်ခံရသူဦးရေမှာ ၅၀၀ ကျော်ရှိပြီဖြစ်သည့်အတွက် တိုက်ပွဲရှောင်များထဲတွင် ကိုဗစ်ပိုး တွေ့ရှိခြင်းသည် ထိုင်းဘက်ရောက်မှ ကူးစက်ခြင်းဖြစ်နိုင်သကဲ့သို့ မြန်မာဘက်မှာကတည်းက ကူးစက်လာခြင်း လည်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။
ယင်းသို့ ကိုဗစ်ပိုးတွေ့ရှိသူများမှာ ရောဂါလက္ခဏာ မစိုးရိမ်ရကြောင်းနှင့် ထိုင်းသို့ရောက်ရှိနေသည့် လေးကေ့ကော် တိုက်ပွဲရှောင်များသည် ကိုဗစ်ထက် နေရပ်ပြန်နိုင်ရေးကိုသာ အဓိကထားနေကြကြောင်း သိရသည်။
ထိုင်းသို့ ထွက်ပြေးတိမ်းရှောင်လာသည့် လေးကေ့ကော်ဒေသမှ တိုက်ပွဲရှောင်များသည် ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးသူများရှိသကဲ့သို့ ကာကွယ်ဆေးတစ်ကြိမ်သာ ထိုးနှံရသေးသူများလည်းရှိပြီး ကာကွယ်ဆေး မထိုးနှံရသေးသူများလည်းရှိကြောင်း သိရသည်။
လက်ရှိတွင် ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံများအား နေရပ်ပြန်လာရန် မြဝတီဘက်၌ လော်စပီကာများဖြင့် လိုက်လံကြေညာနေကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက “ဒီ အသံကို ကြားပြီးတော့ ယုံကြည် ပြီး ပြန်သွားမယ်ဆိုရင်တောင်မှ ကိုယ့်ရဲ့ဒေသမှာ ရှိတဲ့လူတွေနဲ့ ချိတ်ဆက်ပြီးတော့မှ အမှန်တကယ် ငြိမ်းချမ်း ပြီလားပေါ့။ စစ်တပ်ကနေ သူတို့ ကွပ်ကဲနေဆဲလား။ ဘာတွေလဲ။ မိမိတို့ မိသားစုလိုက်ပြန်သွားလို့ရပြီလားပေါ့။ သေချာလေးစုံစမ်းစေချင်တာပေါ့” ဟု ပြောသည်။
ကရင်ပြည်နယ်၊ လေးကေ့ကော် ဒေသဘက်တွင် ဒီဇင်ဘာ ၁၅ ရက်မှ စတင်ကာ တပ်မတော်နှင့် KNU ၏ စစ်ရေးလက်အောက်ခံ KNLA တို့ကြား တိုက်ပွဲများဖြစ်ပွားနေသည့် အတွက် ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင် နေသည့် တိုက်ပွဲရှောင်ဦးရေမှာ တစ်သောင်းနီးပါးခန့်ရှိပြီး ထိုထဲကမှ နေရပ်ပြန်သည့်သူအချို့လည်းရှိသည်။
ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ တပ်မဟာအလိုက် တာဝန်ယူထားသည့် ခရိုင်ဥက္ကဋ္ဌများနှင့် တပ်မတော်တို့ တွေ့ဆုံ၍ လက်ရှိတိုက်ပွဲများ အရှိန်လျှော့ချနိုင်ရေး ဆွေးနွေးသွားမည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။