CNI International News

ဘန်ကောက်၊ ဒီဇင်ဘာ ၂၁

ထိုင်းအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA)က အသက် ၅ နှစ်မှ ၁၁ နှစ်ကြားရှိ ကလေးငယ်များကို Covid-19 ကာကွယ်ဆေး တစ်မျိုးဖြစ်သည့် Pfizer’s Comirnaty ထိုးနှံခွင့်ကို ဒီဇင်ဘာ ၂၀ ရက်တွင် ခွင့်ပြုပေးခဲ့ကြောင်း ဘန်ကောက် ပို့စ် သတင်းမှာ ဖော်ပြထားသည်။

အဆိုပါ ကာကွယ်ဆေး အမျိုးအစားကို ကလေးများအတွက် ထိုင်းအစိုးရအနေဖြင့် ပထမဆုံး ခွင့်ပြုခြင်းဖြစ်ကြောင်း FDA အထွေထွေအတွင်းရေးမှူး ဒေါက်တာ ပိုင်ဆရန်ဒန်ကွမ်က ပြောကြားခဲ့သည်။

ယခင်က ထိုင်း FDA သည် အသက် ၁၂ နှစ်နှင့်အထက် ကလေးများကိုသာ ကာကွယ်ဆေး ထိုးနှံခွင့်ပေးခဲ့သည်။ ယခုအခါမှာ တော့ အသက် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေးများအတွက် ထိုးနှံပေးမည့် ကာကွယ်ဆေး ပမာဏကို ၁၀ မိုက်ခရိုဂရမ်သို့ လျှော့ ချ သွားမည်ဖြစ်ကြောင်း ဒေါက်တာပိုင်ဆရန်က ဆက်လက် ပြောကြားခဲ့သည်။

ထိုသို့ ထိုးနှံပေးနိုင်ရေးအတွက် အင်ဒိုနီးရှား၊ တောင်အမေရိကနှင့် အရှေ့အလယ်ပိုင်းဒေသတို့မှ ဘေးကင်းစိတ်ချရမှု အချက်အလက်များကို လေ့လာခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ထို့ပြင် အသက် ၃ နှစ်မှ ၅ နှစ်၊ ၅ နှစ်မှ ၁၂ နှစ်၊ ၁၂ နှစ်မှ ၁၈ နှစ်အရွယ်ရှိ ကလေးများအတွက် အသင့်လျော်ဆုံး ကာကွယ်ဆေး များကိုလည်း လေ့လာခဲ့ပြီးဖြစ်ကြောင်း ထိုင်း FDA ဒုတိယအတွင်းရေးမှူးချုပ် ဒေါက်တာ စူရာချောက်တန်ဝီဝပ်က ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ပုံ- Pfizer ကိုဗစ်ကာကွယ်ဆေး။(Reuters)

ထိုင်းနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံမှု ရည်ရွယ်ချက်သည် ပြင်းထန်စွာ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်းကို လျှော့ချရန် ကြိုး ပမ်းခြင်းဖြစ်သည်။အလားတူ ထိုးနှံပေးနိုင်ရန် ရည်မှန်းထားသည့် ထိုးဆေးအလုံးရေ သန်း ၁၀၀ ပြည့်မီသွားပြီဟု ပြည်သူ့ ကျန်းမာရေးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ခိုင်တီဖုန်ဝမ်ဂရာဂျစ်က ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၉ ရက်အထိ ထိုင်းနိုင်ငံသား ၅၀ ဒသမ ၅၇ သန်းကို Covid-19 ကာကွယ်ဆေး ပထမအကြိမ်ဖြစ် ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ်အတွက် နိုင်ငံသား ၄၄ ဒသမ ၃၉ သန်း၊ တတိယအကြိမ်အတွက် ၅ ဒသမ ၀၂ သန်းနှင့် စတုတ္ထအကြိမ်အတွက် ၆၆,၇၂၂ တို့ကို အသီးသီး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

သို့သော် ပြည်သူ့ကျန်းမာရေးဌာနက ကာကွယ်မထိုးရသေးသူများကို ရှာဖွေဖော်ထုတ်ခဲ့ရာ အထူးသဖြင့် အသက် ၆၀ နှင့် အထက်ရှိသူများ၊ အခြားရောဂါ အခံရှိသူများ၊ ကိုယ်ဝန် ဆောင်မိခင်များ စသည့် ထိရှလွယ်သူများအား ဦးစားပေးခဲ့သည်။

ထို့ပြင် တောင်တန်းကုန်းမြင့် နေထိုင်သူများ၊ အိပ်ရာထဲလဲနေသည့် နာတာရှည် လူမမာများ၊ တရားဝင်နှင့် တရားမဝင် ရွှေ့ပြောင်းလုပ်သားများအတွက် ကာကွယ်ဆေးထိုးနှံပေးရာ၌ ထိရောက်သော ချဉ်းကပ်မှု တစ်ရပ်အဖြစ် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်သည်။

ထိုင်းကျန်းမာရေးဝန်ကြီးဌာနသည် Covid-19 ကင်းစင်ရေး စည်းကမ်းသတ်မှတ်ချက်များကို တိကျစွာလိုက်နာရန် ပြည်သူ များကို ဆက်လက် အကြံပြုထားဆဲဖြစ်ကြောင်း ဒေါက်တာခိုင်တီဖုန်က ရှင်းပြခဲ့သည်။

Source: Bangkok Post