CNI International News

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၂၀

ဥရောပတလွှား အိုမိုက်ခရွန်မျိုးကွဲ ပျံ့နှံ့နေချိန်တွင် ဘယ်လ်ဂျီယံအစိုးရ ချမှတ်ထားသော Covid-19 ကန့်သတ်ချက်များကို ဆန့်ကျင်ကြသည့် ဒီဇင်ဘာ ၁၉ ရက်က ဘရပ်ဆဲလ်မြို့၌ ထောင်နှင့်ချီသော ဆန္ဒပြသူများသည် တတိယ အကြိမ်မြောက် ဆန္ဒပြခဲ့ကြကြောင်း အေပီမှာ ဖော်ပြထားသည်။

“ကင်းလွတ်နယ်မြေ” ၊ “ ငါတော့ ဆေးထိုးပြီးပြီ” ၊ “ဒီလောက်ဆို လုံလောက်ရောပေါ့” စသည့် စာတန်းများ ကိုင်ဆောင်လျက် ချီတက် ဆန္ဒပြသူများသည် အစိုးရ၏ တင်းကျပ်သော ကာကွယ်ဆေးထိုးရေး ညွှန်ကြားချက်ကို ကန့်ကွက်ခဲ့ကြသည်။ အဆိုပါ ဆန္ဒပြသူများထဲတွင် လာမည့် ဇန်နဝါရီ ၁ ရက်မှစ၍ ကာကွယ်ဆေးထိုးရန် ၃ လကြာ အချိန်ယူရမည့် ဘယ်လ်ဂျီယံ ကျန်းမာ ရေး ဝန်ထမ်းများလည်း ပါဝင်ကြသည်။

ယခင် ဆန္ဒပြပွဲများတုန်းက အကြမ်းဖက်မှုသို့ ကူးပြောင်းသွားခြင်းကြောင့် ယခုချီတက်ဆန္ဒပြမှုကိုလည်း အာဏာပိုင်များက ရဲအင်အား အများအပြား တာဝန်ချထား၍ ကြိုတင်ကာကွယ်မှုများ အလုံအလောက် ပြင်ဆင်ထားသည်။

သို့သော် “ပုန်ကန်မှုနဲ့ တားမြစ်ထားသည့်ပုဒ်မ ချိုးဖောက်မှု” တို့ကြောင့် ဖမ်းထားဆီးမှု ၁၃ မှုသာ ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရသူ အီလယ်စီဗင်ဒီကီရီက ပြောသည်။

ပုံ- ဘယ်လ်ဂျီယံနိုင်ငံတွင် ကိုဗစ်ကန့်သတ်ချက်အပေါ် ဆန္ဒပြနေကြစဉ်။(AP)

ဒီဇင်ဘာ ၁၉ ရက်တွင် ဘရပ်ဆဲလ်အခြေစိုက် ဥရောပကော်မရှင်မှ Pfizer နှင့် BioNTech ကာကွယ်ဆေးများ ရက်သတ္တပတ် အနည်းငယ်အတွင်း အရှိန်မြှင့် ပို့ဆောင်ပေးရန် ဘယ်လ်ဂျီယံအစိုးရက သဘောတူခဲ့သည်။ အဆိုပါ ဆေးဝါးကုမ္ပဏီများက လာမည့် ဇန်နဝါရီလမှ မတ်လအထိ ဥရောပသမဂ္ဂအုပ်စုဝင် ၂၇ နိုင်ငံထံသို့ ကာကွယ်ဆေး နောက်ထပ် သန်း ၂၀ ပေးပို့သွား မည်ဟု သိရသည်။

ပါရီနှင့် လန်ဒန် အပါအဝင် အခြားဥရောပ မြို့တော်များတွင် အလားတူ ကိုဗစ်ကန့်သတ်ချက် ဆန္ဒပြမှုများအပြီး တစ်ရက် အကြာတွင် ယခုကဲ့သို့ ဘယ်လ်ဂျီယံ ဆန္ဒပြမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဥရောပ တစ်ဝန်းရှိ နိုင်ငံများသည် Covid-19 ကူးစက်မှု လှိုင်းအသစ်ကို တားဆီးရန် တင်းကျပ်သည့် အစီအမံများ ပြန်လည် ချမှတ်ခဲ့ရာ နယ်သာလန်နိုင်ငံတွင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် lockdown ချသည့် နည်းလမ်းကို ဦးဆောင် လျက် ရှိသည်။

နိုင်ငံပေါင်း ၈၉ နိုင်ငံတွင် အိုမိုက်ခရွန်မျိုးကွဲ တွေ့ရှိရကြောင်းနှင့် လူမှုအသိုင်းအဝိုင်း ကူးစက်တတ်သည့် နေရာများ၌ ၁ ရက်ခွဲ မှ ၃ ရက်အတွင်း ကူးစက်နှုန်း နှစ်ဆ မြန်ဆန်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာခဲ့ပြီး ဖြစ်သည်။

ယခင်လကလည်း ဘရပ်ဆဲလ်မြို့ ဆန္ဒပြပွဲ တစ်ခုအတွင်း ရာနှင့်ချီသော လူအုပ်က ရဲများကို တွန်းထုတ်ဖယ်ရှား၍ ကားမှန် များ ရိုက်ခွဲခြင်း၊ အမှိုက်ပုံများ မီးရှို့ခြင်းတို့ ပြုလုပ်ခဲ့ရာ ရဲများက မျက်ရည်ယိုဗုံးနှင့် မီးသတ်ပိုက်သုံး၍ ဖြိုခွင်းခဲ့သည်။

Source: AP