CNI International News

ဗီယင်နာ ဒီဇင်ဘာ ၁၉

ကိုရိုနာဗိုင်းရပ်စ်၏မျိုးကွဲ အိုမိုက်ခရွန်ကို နိုင်ငံပေါင်း ၈၉ နိုင်ငံတွင် တွေ့ရှိထားပြီး ကူးစက်မှုနှုန်းအနေဖြင့် ဖြစ်ပွားနေသည့်နိုင်ငံများ၏ရပ်ရွာများတွင်သာမက နိုင်ငံရပ်ခြားများသို့ ၁ ရက်ခွဲမှ ၃ ရက်အတွင်း နှစ်ဆမြန်ဆန် လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီဇင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဒယ်လ်တာမျိုးကွဲထက် အိုမိုက်ခရွန်၏သိသာသည့်တိုးပွားမှုအားသာချက်မှာ ဗိုင်းရပ်စ်လွှမ်းမိုးမှုပုံစံသစ်အနေဖြင့် ဒယ်လ်တာ၏ လက်ရှိကူးစက်နိုင်စွမ်းကို ကျော်တက်သွားနိုင်ဖွယ်ရှိကြောင်း၊ အဆိုပါမျိုးကွဲသစ်သည် ပြည်တွင်း ကူးစက်မှုရှိနေသည့်နိုင်ငံများအတွက် ဗိုင်းရပ်စ်လွှမ်းမိုးမှုပုံစံသစ်ဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂကျန်းမာရေး အေဂျင်စီက ပြောသည်။

ကာကွယ်ဆေးထိုးနှုန်းမြင့်မားသော နိုင်ငံများ (သို့မဟုတ်) Covid-19 ဖြစ်ပွားခံရပြီး ပြန်လည်ကောင်းမွန်လာသူ ဦးရေ သိသာထင်ရှားသည့်အချိုးအစားရှိသော နိုင်ငံများ၌ပင် အိုမိုက်ခရွန် အလျင်အမြန်ကူးစက်ပျံ့နှံ့နေကြောင်း WHO က မှတ်ချက်ချခဲ့သည်။

Photo-Reuters

အိုမိုက်ခရွန်ဖြစ်ပွားမှု အလျင်အမြန်ကြီးထွားခြင်းမှာ လူ၏ရှိရင်းစွဲကိုယ်ခံအားကို ကျော်လွန်ရှောင်လွှဲနိုင်ခြင်း ကြောင့်ဖြစ်ပြီး ယခင်ဗိုင်းရပ်စ်မျိုးကွဲများထက် ပိုမိုကူးစက်နိုင်ခြင်း (သို့မဟုတ်) ယခင်မျိုးကွဲနှစ်ခုကို ပေါင်းစပ် ထားသည့်ပုံစံမျိုးဖြစ်နေကြောင်း WHO ၏မှတ်ချက်ထဲတွင် တွေ့ရသည်။
လက်ရှိ Covid-19 ကာကွယ်ဆေးတစ်မျိုးစီကလည်း အိုမိုက်ခရွန်ကို မည်သို့အကာအကွယ်ပေးနိုင်မည် ဆိုသည့် မေးခွန်းနှင့် အခြားအဓိကမေးခွန်းများကို ဖြေဆိုနိုင်ခြင်း မရှိသေးပေ။

ထို့ပြင် အိုမိုက်ခရွန်က Covid-19 လူနာများကို ဖျားနာနေမှုဖြစ်ပေါ်စေအောင် လုပ်ဆောင်နိုင်ပုံနှင့် ပတ်သက်၍ လည်း ခိုင်လုံသည့်အချက်အလက်များ မရှိသေးကြောင်း သိရသည်။

WHO က အိုမိုက်ခရွန်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်တွင် စိုးရိမ်ရသည့် ဗိုင်းရပ်စ်မျိုးကွဲအဖြစ် ပထမဆုံး သတ်မှတ်ခဲ့ပြီးဖြစ်သည်။

Source: AP