CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၆

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်အသွင်ပြောင်းအသစ် အိုမိုက်ခရွန်သည် အရှိန်အဟုန်ဖြင့် ပျံ့နှံ့လာခြင်းမှာ နောက်ထပ် ကသောင်းကနင်းဖြစ်စေမည့် အကျပ်အတည်းတစ်ရပ် ပေါ်ပေါက်လာစေပြီး ဒယ်လ်တာမျိုးကွဲကိုပင် မနည်း ရုန်းကန်ကုသပေးနေရသည့် အမေရိကန်နိုင်ငံရှိ ဆေးရုံဝန်ထမ်းများ ဝန်ထုပ်ဝန်ပိုး ထပ်မံဖိစီးလာကာ ကပ်ရောဂါ က ခြိမ်းခြောက်နေကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

သို့သော် ကာကွယ်ဆေးများ တွင်ကျယ်စွာရရှိနိုင်ခြင်းသည် ဗိုင်းရပ်စ်၏အဆိုးဝါးဆုံးအကျိုးဆက်များကို အဟန့် အတား ဖြစ်စေနိုင်သောကြောင့် lockdown ချရန် မလိုအပ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် အိမ်ဖြူတော်က အခိုင်အမာပြောကြားခဲ့သည်။

သို့သော် အိုမိုက်ခရွန်သည် ဒယ်လ်တာမျိုးကွဲထက် ပိုမိုအားပျော့ကြောင်း သက်သေပြနိုင်ပြီဟုဆိုသော်လည်း ယခု မျိုးကွဲသစ်သည် အမေရိကန်ကို အလျင်အမြန်ထိုးစစ်ဆင်လာချိန်၌ ခုခံအားကျဆင်းနေသူများနှင့် သက်ကြီး ရွယ်အိုများအတွက် အသက်အန္တရာယ် ဖြစ်လာစေနိုင်သည်။
“တကယ်တမ်းတော့ ကျနော်တို့ဆီမှာ ဒယ်လ်တာမျိုးကွဲပြီး ဆက်ပြီးအရှိန်မြင့်နေတုန်းဗျ။ အဲဒါအပြင် ကျနော်တို့ ကို အိုမိုက်ခရွန်လှိုင်းက ထပ်ဖိဦးမှာ” ဟု ဟားဗတ်ဆေးကျောင်းမှ ဦးဆောင်သုတေသနပြုနေသည့် ကိုရိုနာ ဗိုင်းရပ်စ်မျိုးကွဲစောင့်ကြည့်ရေး ဆောင်ရွက်နေသူ ဒေါက်တာဂျက်ကော့လီမီယက် (Jacob Lemieux) က ပြောသည်။

“ဒါက စိုးရိမ်စရာဖြစ်ပဲ။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ ဆေးရုံတွေ လူနာပြည့်နေပြီလေ။ ဝန်ထမ်းတွေလည်း ပင်ပန်းနွမ်းနယ်လှပါပြီ။ ဒယ်လ်တာဖိစီးနေတုန်းမှာပဲ အိုမိုက်ခရွန်လှိုင်းက ထပ်လာပေမယ့် ကိုဗစ်ရောဂါ ဖြစ်နိုင်ခြေကို ချေမှုန်းဖို့ စွမ်းရည်က အကန့်အသတ်နဲ့ပဲ ရှိတာပါ” ဟု ၎င်းက ဆက်ပြောသည်။

ဖြစ်နိုင်ခြေအရှိဆုံးအနေအထားတစ်ရပ်ကို ဒေါက်တာဂျက်ကော့လီမီယက်နှင့် အခြားကျွမ်းကျင်ပညာရှင်များက ဒီဇင်ဘာ ၁၄ ရက်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ရာတွင် “နောက်ဆုံးပေါ် မျိုးရိုးဗီဇပြောင်း ဗိုင်းရပ်စ်သည် မိမိတို့ခြေရာခံနိုင်စွမ်းထက် ကျော်လွန်သွားပြီဖြစ်၍ အမေရိကန်နိုင်ငံတွင် အိုမိုက်ခရွန်လှိုင်းလုံး စတင်နေပြီဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

သို့ရာတွင် အိုမိုက်ခရွန်သည် အလွန်လျင်မြန်စွာ ပျံ့နှံ့နေသောကြောင့် စောင့်ကြည့်ရန် ကြိုးပမ်းမှုများ လိုက်မမီ နိုင်သည့်အတွက် ၎င်းမျိုးကွဲပိုးကို လျှော့တွက်မိနိုင်ကြောင်း ဟားဗတ်ဆေးကျောင်းမှ ကျွမ်းကျင်သူများက သတိ ပေးထားသည်။

လက်ရှိကာလတွင် တကမ္ဘာလုံး၌ နိုင်ငံပေါင်း ၇၅ နိုင်ငံကျော်တို့က အိုမိုက်ခရွန်ရောဂါတွေ့ရှိကြောင်း အသီးသီး အတည်ပြုကြေညာထားကြသည်။ အမေရိကန်တွင် ပြည်နယ် ၃၆ ခု၌ အဆိုပါမျိုးကွဲပိုးအသစ်ကို တွေ့ခဲ့ရသည်။ တချိန်တည်းတွင် နယူးအင်္ဂလန်ပြည်နယ်၊ အမေရိကန်အနောက်အလယ်ပိုင်း၊ အပူပိုင်းဒေသများတွင်လည်း ဒယ်လ်တာမျိုးကွဲက ဆက်လက်မင်းမူနေဆဲဖြစ်သည်။ လူဦးရေ ၁ သိန်းလျှင် ၁ ဦးနှုန်းဖြင့် ပျမ်းမျှရောဂါဖြစ်ပွားမှု အများဆုံး ပြည်နယ် ၅ ခုမှာ နယူးဟက်စပိုင်းယား၊ ရုဒ်အိုင်းလန်း၊ မစ်ရှီဂန်၊ မင်နီဆိုတာနှင့် ဗားမောင့်ပြည်နယ် တို့ဖြစ်ကြသည်။

Source: AP