CNI International News

လန်ဒန်၊ ဒီဇင်ဘာ ၁၅

အိုမိုက်ခရွန် မျိုးကွဲလျင်မြန်စွာ ပျံ့နှံ့မှုကြောင့် ဗြိတိန်ဆေးရုံများကို လွှမ်းခြုံခြိမ်းခြောက်လာမည့် အလားအလာရှိနေပြီး ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်များ အားကောင်းစေရန်နှင့် ကာကွယ်ဆေးဖြန့်ဝေမှု အရှိန်မြှင့်တင်ကြရန် လိုအပ်နေပြီ ဖြစ် ကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီးက ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

အိုမိုက်ခရွန်သည် အခြားကိုရိုနာဗိုင်းရပ်စ် မျိုးကွဲများထက် ရောဂါပြင်းထန်ခြင်း ရှိ/မရှိ သက်သေ မပြနိုင်သေးသော်လည်း ဆေးရုံတက်လူနာ ပိုမိုများပြား လာနိုင်ခြေရှိကြောင်း ကျန်းမာရေးဝန်ကြီး ဆာဂျစ်ဂျာဗစ်က လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်ဟု အေပီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ယခု ဒီဇင်ဘာလကုန်တွင် အရွယ်ရောက်ပြီး သူတိုင်းကို ကာကွယ်ဆေး အစီအစဉ် အရှိန်မြှင့် လုပ်ဆောင်ရန် အစိုးရက ကြိုးပမ်းနေစဉ်အတွင်း ကျန်းမာရေးဝန်ကြီး၏ အထက်ပါမှတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

လူစည်ကားရာ အဆောက်အဦများအတွင်း နှာခေါင်းစည်း ဝတ်ဆင်ခြင်း အပါအဝင် နိုက်ကလပ်များအထိ တင်းကျပ်သော စည်းကမ်းများနှင့် မျိုးကွဲပိုး ပျံ့နှံ့မှုနှေးကွေးအောင် အစီအမံများကို ဥပဒေပြုအမတ်များက ဒီဇင်ဘာ ၁၄ ရက်တွင် မဲခွဲ ဆုံးဖြတ် ခဲ့ကြသည်။

“ဒါက အမျိုးသားရေးတာဝန်(မစ်ရှင်အသစ်)ပါ။ လူတွေကို တတ်နိုင်သမျှ အကာအကွယ်ပေးဖို့ ဗိုင်းရပ်စ်နဲ့ ကာကွယ်ဆေးကြား အပြိုင်အဆိုင် လုပ်ရမယ့် သဘောပါပဲ” ဟု ကျန်းမာရေးဝန်ကြီး ပြောသည်။

ထိုသို့ ကပ်ရောဂါ ကာကွယ်ရေး အစီအမံများ အရှိန်မြှင့်တင်ရန် နောက်ထပ် ကြိုးပမ်းမှုအနေဖြင့် ဗြိတိန်ကျန်းမာရေး တာဝန်ရှိ သူများသည် Pfizer (သို့မဟုတ်) Moderna ထိုးနှံမှု ခံယူသူတိုင်းအတွက် ပုံမှန် စောင့်ကြည့်ချိန် ၁၅ မိနစ်ထားရှိခြင်းကို ယာယီ ဆိုင်းငံ့ထားခဲ့သည်။

ဆေးထိုးခံပြီးလူနာ ကာကွယ်ဆေးထိုးစင်တာမှ ပြန်လည်မထွက်ခွာမီ ဓါတ်တည့်မှုအခြေအနေ စောင့်ကြည့်ရန် သတ်မှတ်ထား သည့် ၁၅ မိနစ် အချိန်နှင့်ပတ်သက်၍ ဆရာဝန်များဘက်မှ စောဒက တက်ခဲ့ကြသည်။ သို့ရာတွင် ကာကွယ်ဆေးထိုး စုရပ် များ၌ မလိုလားအပ်ဘဲ လူစုလူဝေးဖြစ်ပေါ်ခြင်းကြောင့် ယင်းကဲ့သို့ စောဒကတက်ခဲ့ကြခြင်း ဖြစ်သည်။

ဗြိတိန်အစိုးရသည် တစ်ရက်လျှင် ထိုးနှံနိုင်မှု ၁ သန်းအထက် ပြည့်မီရန် ကြိုးပမ်းနေစဉ်အတွင်း နိုင်ငံတစ်ဝန်း ကာကွယ်ဆေး ထိုးစင်တာများ၏ အပြင်ဘက်၌ လူတန်းရှည်ကြီးက ဒီဇင်ဘာ ၁၄ ရက် ဒုတိယနေ့အဖြစ် ဆက်ရှိနေခဲ့သည်။

ကာကွယ်ရေးထိုးခြင်း အစီအစဉ် တိုးချဲ့ရာ၌ ထောက်ပံ့ပို့ဆောင်ရေး ကိစ္စရပ်များ လာမည့် သီတင်းပတ်တွင် လျော့ပါးသွားမည် ဖြစ်ကြောင်း ဗြိတိန်ဒုတိယဝန်ကြီးချုပ် ဒေါမနစ်ရက်ဘ်က ပြောကြားခဲ့သည်။

“ကျနော်တို့ တည်ငြိမ်တဲ့ အခြအနေ ရောက်အောင် ရက်နည်းနည်းတော့ အချိန်ယူရပါလိမ့်မယ်။ ရည်မှန်းထားတဲ့အတိုင်း အထမြောက်ဖို့ ဆက်လက် တင်းကြပ်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဘီဘီစီသို့ ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဒီဇင်ဘာ ၁၃ ရက်၌ တိုင်းပြည်သို့ မိန့်ခွန်းပြောကြားရာတွင် “ကျနော်တို့ မှန်းဆထားတဲ့ အတိုင်း အိုမိုက်ခရွန် လှိုင်းလုံးကို တိုက်ဖျက်ဖို့ ကာကွယ်ဆေးထိုးတဲ့ တံတိုင်းကြီး အားဖြည့်ရမှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ် အထက်ရှိသူတိုင်း ဒီဇင်ဘာ ၃၁ ရက်အထိ တတိယအကြိမ် ဆေးထိုးပေးမှာပါ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

Source: AP