CNI International News
ဖနွမ်ပင်၊ ဒီဇင်ဘာ ၁၆
မကြာသေးမီက အာဖရိကတိုက်၊ ဂါနာနိုင်ငံမှ ကမ္ဘောဒီးယားသို့ ပြန်လည်ရောက်ရှိလာသည့် အသက် ၂၃ နှစ် အရွယ် အမျိုးသမီးတစ်ဦးထံတွင် အိုမိုက်ခရွန်အသွင်ပြောင်းမျိုးကွဲပိုးကို ပထမဆုံးတွေ့ရှိရကြောင်း ကမ္ဘော ဒီးယားကျန်းမာရေးအရာရှိများက ပြောကြားသည်ဟု အေပီသတင်းကို ကိုးကားလျက် ဝါရှင်တန်ပို့စ် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
မြို့တော်ဖနွမ်ပင်ရှိ ဟိုတယ်ဖွင့်ပွဲအခမ်းအနားတစ်ခုသို့ တက်ရောက်လာသော ဝန်ကြီးချုပ်ဟွန်ဆန်က အဆိုပါ အိုမိုက်ခရွန်သတင်းကို ပြည်သူများအထိတ်တလန့်မရှိကြရန်နှင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်မှုအစီအမံများကို ဆက်လက်ပြုလုပ်ကြရန် တိုက်တွန်းခဲ့သည်။
ပိုးတွေ့ရသည့် ကမ္ဘောဒီးယားအမျိုးသမီးသည် ဂါနာနိုင်ငံတွင် အလုပ်လုပ်နေပြီး ဒီဇင်ဘာ ၁၂ ရက်က ဒူဘိုင်းနှင့် ဘန်ကောက်တို့မှတစ်ဆင့် ဖနွမ်ပင်မြို့သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားကျန်းမာရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
၎င်းကို စမ်းသပ်စစ်ဆေးခဲ့ရာ ပိုးတွေ့ခဲ့ရပြီးနောက် ထပ်မံစမ်းသပ်မှုရလဒ်တွင် အိုမိုက်ခရွန်မျိုးကွဲဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
၎င်းသည် ကိုယ်ဝန်ဆောင်မိခင်လောင်းတစ်ဦးလည်းဖြစ်ပြီး ဖနောင်ပင်မြို့ရှိ အစိုးရဆေးရုံ၊ အထူးကြပ်မတ် ကုသဆောင်သို့ ပို့ဆောင်ထားကြောင်း ဝန်ကြီးဌာနသတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ကမ္ဘောဒီးယား၏အိမ်နီးချင်းနှစ်နိုင်ငံဖြစ်သော လာအိုနှင့်ဗီယက်နမ်တို့တွင်မူ အိုမိုက်ခရွန်ဖြစ်ပွားမှု အတည်ပြု နိုင်ခြင်းမရှိသေးသော်လည်း တတိယအိမ်နီးချင်းဖြစ်သည့် ထိုင်းနိုင်ငံမှာတော့ အတည်ပြုလူနာ ၉ ဦးတွေ့ရှိခဲ့ရာ ၎င်းတို့အားလုံးသည် နိုင်ငံရပ်ခြားမှ ပြန်ရောက်လာသူများဖြစ်ကြောင်း၊ ရောဂါလက္ခဏာသံသယရှိသူ ၅ ဦး ရှိကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် Covid-19 ကူးစက်ခံရသူအသစ် ၈ ဦးစာရင်းကို ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အသစ်ထပ်မံသေဆုံးသူ ၃ ဦးရှိကြောင်း၊ သေဆုံးသူအရေအတွက်မှာ စတင်ဖြစ်ပွားချိန်မှ ယနေ့အထိ ၂,၉၉၅ ဦးဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။
Source: AP, Washington Post