နယူးဒေလီ၊ ဒီဇင်ဘာ ၁၄

အိန္ဒိယအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် ကိုဗစ်ကြောင့် သေဆုံးမှုမှာ တရားဝင်ထုတ်ပြန်သည့်စာရင်းထက် ပိုမိုများပြားနေသည်ဟု တရားရုံးမှတ်တမ်းတစ်ခုအရ အသိအမှတ်ပြုထားခြင်းကြောင့် တနိုင်ငံလုံး အမှန်တကယ် သေဆုံးသူအရေအတွက်မှာလည်း ထုတ်ပြန်ချက်ထက် အလွန်အမင်းများပြားနေမည်ကို စိုးရိမ်ရသည်ဟု အယ်လ် ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

မီးသင်္ဂြိုဟ်စက်များနှင့် သုသာန်များမှ စုဆောင်းထားသော ကိန်းဂဏန်းများအပေါ် အခြေခံ၍ အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ဧပြီနှင့်ဇွန်လများက ဒုတိယလှိုင်းဖြစ်ပွားစဉ် ဂူဂျာရတ်အပါအဝင် ပြည်နယ်များ၌ ဆေးရုံနှင့်လူနာ မမျှတမှုနှင့် အောက်ဆီဂျင်ပြတ်လပ်မှုတို့ကြောင့် နေအိမ်မှာပင် သေဆုံးသူအရေအတွက်မှာ ထည့်သွင်းရေတွက် နိုင်ခဲ့ခြင်းမရှိကြောင်း မီဒီယာများက သတင်းဖော်ပြပြီးဖြစ်သည်။

ဝန်ကြီးချုပ် နရိန္ဒြာမိုဒီ၏ဇာတိလည်းဖြစ်သည့် ဂူဂျာရတ်ပြည်နယ်တာဝန်ရှိသူများက တရားရုံးချုပ်သို့ ပြောကြား ရာတွင် “သေဆုံးသူမိသားစုများထံမှ လျော်ကြေးလျှောက်လွှာ ၂၂,၅၅၇ စောင်ကို ဒီဇင်ဘာ ၉ ရက်အထိ လက်ခံ ရရှိခဲ့ရာ ၁၆,၁၇၅ စောင်ကို အတည်ပြုခဲ့ကြောင်း ဒီဇင်ဘာ ၁၃ ရက် ရက်စွဲဖြင့် ကျမ်းကျိန်လွှာတစ်စောင်တွင် ဖော်ပြခဲ့သည်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါပြည်နယ်အတွက် နောက်ဆုံးထွက်ရှိထားသော ကျန်းမာရေးစာစောင်တွင် သေဆုံးသူအရေအတွက်မှာ ၁၀,၀၉၉ ဦးဖြစ်ကြောင်း ရေးသားထားသည်။

 

အိန္ဒိယတနိုင်ငံလုံး ကပ်ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၄၇၅,၆၃၆ ဦးရှိခဲ့ရာ ယင်းကိန်းဂဏန်း၌ ပြည်နယ် အလိုက် တရားရုံးများတွင် ပြန်လည်ပြင်ဆင်ထားသော စာရင်းဇယားများ ပါဝင်သည်။

အဓိကအတိုက်အခံဖြစ်သည့် ကွန်ဂရက်ပါတီကလည်း အမှန်တကယ် သေဆုံးသူအရေအတွက်မှာ ထုတ်ပြန်သည့် စာရင်းများထက် ပိုများမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

“ဂူဂျာရတ်အစိုးရဟာ Covid-19 ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှု အစီရင်ခံထုတ်ပြန်တာဟာ အမှန်တကယ်ထက် လျော့နေတဲ့အရေအတွက်ဖြစ်တယ်လို့ ကျနော်တို့ အစကတည်းက ပြောခဲ့ပါတယ်” ဟု ဂူဂျာရတ်ပြည်နယ်ဆိုင်ရာ ကွန်ဂရက်ပါတီ၏ပြောခွင့်ရသူ မာနစ်ရှ်ဒိုရှီ (Manish Doshi) က ပြောသည်။ ၎င်းတို့ကောက်ယူခဲ့သော စစ်တမ်းကို ပေါင်းထည့်မည်ဆိုလျှင် အနည်းဆုံးသေဆုံးသူ ၅၅,၀၀၀ ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ဒီဇင်ဘာ ၁၃ ရက် ထုတ်ပြန်သည့် ကူးစက်သူအသစ်စာရင်းတွင် ၇,၃၅၀ ဦးဟုဖော်ပြခဲ့ရာ အဆိုပါ ကိန်းဂဏန်းမှာ ကပ်ရောဂါဖြစ်ပွားခဲ့သည့် ၁၈ လအတွင်း အနိမ့်ဆုံးစာရင်းဖြစ်သည်။

Source: Aljazeera