CNI International News
ဂျိုဟန်နက်စ်ဘတ်၊ ဒီဇင်ဘာ ၁၃
တောင်အာဖရိကသမ္မတ စီရေးရမ်မာဖိုဆသည် ဒီဇင်ဘာ ၁၂ ရက်က ကိုဗစ်ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိရပြီး အပျော့စားရောဂါလက္ခဏာများအတွက် ကုသမှုခံယူနေရကြောင်း ၎င်း၏သမ္မတရုံးက ထုတ်ပြန် သည်ဟု အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
ရမ်မာဖိုဆသည် ကျန်းမာရေးမကောင်းသဖြင့် ဆေးစစ်ချက်အရ ကိုဗစ်ဟု အတည်ပြုခဲ့ကြောင်း ၎င်းရုံး၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
၎င်းသည် ကိပ်တောင်းမြို့တွင် သီးခြားနေထိုင်လျက်ရှိပြီး တောင်အာဖရိက စစ်ဘက်ကျန်းမာရေး ဝန်ဆောင်မှု စနစ်ထံမှ စောင့်ကြည့်ကုသခြင်း ခံယူနေကြောင်း အဆိုပါထုတ်ပြန်ချက်ထဲတွင် ဆက်လက်ဖော်ပြသည်။ ၎င်း၏ တာဝန်အားလုံးကို ဒုတိယသမ္မတ ဒေးဗစ်မာဘူဇာထံသို့ ယာယီလွှဲအပ်ထားသည်။
အသက် ၆၉ နှစ်ရှိ သမ္မတသည် ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးဖြစ်သည်။ သို့သော် သမ္မတရုံး၏ ထုတ်ပြန်ချက်ထဲတွင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအသစ်ဖြစ်သည့် အိုမိုက်ခရွန် ကူးစက်ခံရခြင်း ရှိ/မရှိ ထည့်သွင်းရေး သားထားခြင်း မတွေ့ရပေ။
ယခင်သီတင်းပတ်က ရမ်မာဖိုဆသည် အနောက်အာဖရိကနိုင်ငံ ၄ နိုင်ငံသို့ သွားရောက်ခဲ့ပြီး အဆိုပါခရီးစဉ် အတွင်း ၎င်းနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်အားလုံးကို နိုင်ငံတစ်နိုင်ငံဆီသို့ ရောက်ရှိတိုင်း Covid-19 စမ်းသပ် စစ်ဆေးမှု ခံယူခဲ့ကြသည်။ တောင်အာဖရိကအစိုးရအဖွဲ့ဝင်ကိုယ်စားလှယ်အချို့သည် နိုင်ဂျီးရီးယားနိုင်ငံ အရောက်တွင် ရောဂါပိုးတွေ့ရှိသဖြင့် မိခင်နိုင်ငံသို့ တိုက်ရိုက်လှည့်ပြန်လာခဲ့ကြသည်။
ကျန်ခရီးစဉ်တောက်လျှောက်တွင် ရမ်မာဖိုဆနှင့် ကိုယ်စားလှယ်အဖွဲ့တို့သည် ပိုးမတွေ့ရကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။
သမ္မတ ရမ်မာဖိုဆသည် ဒီဇင်ဘာ ၈ ရက်တွင် ဆီနီဂေါနိုင်ငံမှ ပြန်လည်ရောက်ရှိခဲ့သည်။
သူ့အတွက် ယခုကဲ့သို့ ကူးစက်ခံရခြင်းသည် ကာကွယ်ဆေးထိုးပြီးသော်လည်း ထိတွေ့မှုကနေ ကူးစက်ခံ နေရဆဲဖြစ်၍ တောင်အာဖရိကမှာ နေထိုင်သူတွေအားလုံး သတိဖြင့်နေကြဖို့ ရမ်မာဖိုဆက် ပြောကြားကြောင်း သမ္မတရုံး ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
သို့ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် ပြင်းထန်သော ဖျားနာမှုနှင့် ဆေးရုံတက်ရခြင်းတို့မှ အကောင်းဆုံး ကာကွယ်နည်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တောင်အာဖရိကရှိ သမ္မတနှင့်ထိတွေ့ဖူးသူများအနေဖြင့် ရောဂါလက္ခဏာများကို စောင့်ကြည့်ရန်နှင့် ၎င်း ကိုယ် တိုင် စမ်းသပ်စစ်ဆေးရန် ၎င်းက အကြံပြုတိုက်တွန်းထားသည်။
Source: AP