နယူးယောက်၊ ဒီဇင်ဘာ ၈

ဒီဇင်ဘာ ၇ ရက်က Covid-19 ကူးစက်ခံထားရသူ ကုလသမဂ္ဂအရာရှိတစ်ဦးနှင့် ထိတွေ့မိ၍ အထွေထွေ အတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် ရက်တန်ကြာ သီးသန့်ခွဲနေရဦးမည်ဖြစ်ကြောင်း သံတမန် သတင်း ရင်းမြစ်များက ပြောကြောင်း အေအက်ဖ်ပီသတင်းကိုကိုးကားလျက် Channel News Asia ဝက်ဘ်ဆိုက်က ဖော်ပြသည်။

အသက် ၇၂ နှစ်အရွယ်ရှိ ဂူတာရက်စ်သည် ၎င်းနှင့်လူချင်းတွေ့ဆုံရန် ချိန်းဆိုထားမှုကိုလည်း ဖျက်သိမ်းလိုက် ကြောင်း အဆိုပါသတင်းရင်းမြစ်များက အေအက်ဖ်ပီသို့ ပြောသည်။

ဒီဇင်ဘာ ၈ ရက် (ယနေ့)တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်စီရင်စုအတွင်းရှိ မက်ဟန်မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂစာနယ်ဇင်းအဖွဲ့ ဂုဏ်ပြုဧည့်ခံပွဲသို့ ဂူတာရက်စ် တက်ရောက်ရန် စီစဉ်ထားခဲ့သည်။

၎င်းအပြင် ဒီဇင်ဘာ ၉ ရက်တွင်လည်း နိုက်ဂျားသမ္မတ မိုဟာမက်ဘေဇိုယမ် (Mohamed Bazoum) ဦးဆောင် သော အကြမ်းဖက်မှုနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုနှင့်ပတ်သက်၍ UN လုံခြုံရေးကောင်စီ အစည်း အဝေးသို့လည်း ဂူတာရက်စ် ပါဝင်ဆွေးနွေးရန် ရှိသည်။ လက်ရှိ ကောင်စီ၏ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဘေဇို ယမ်သည် ဒီဇင်ဘာ ၇ ရက်တွင် နယူးယောက်မြို့သို့ ရောက်ရှိလာခဲ့ပြီးနောက် ဝါရှင်တန်သို့လည်း ဆက်လက် သွားရောက်ကာ သီတင်းပတ်အကုန်ပိုင်းအထိ ဆက်လက်နေထိုင်ရန် မျှော်လင့်ထားသည်။

UN အတွင်းရေးမှူးချုပ်၏ပြောရေးဆိုခွင့်ရှိသူ စီတီဖင်ဒူဂျာရစ်က ဂူတာရက်စ်၏အခြေအနေနှင့်ပတ်သက်၍ လတ်တလောသဘောထားမှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ဂူတာရက်စ်အနေဖြင့် ၎င်းအတွက် တတိယအကြိမ်မြောက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ပြီးခဲ့သည့် ရက်အနည်းငယ်က ရရှိခဲ့ကြောင်းကိုသာ စီတီဖင်ဒူဂျာရစ်က ပြောကြားခဲ့သည်။

Source: AFP, Channel News Asia