နယူးဒေလီ၊ ဒီဇင်ဘာ ၆
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တွင် တန်ဇန်းနီးယားမှ ပြန်လာသည့် အသက် ၃၇ အရွယ် အမျိုးသားတစ်ဦးထံတွင် Covid-19 မျိုးကွဲ အသစ် အိုမိုက်ခရွန်ကို ဒီဇင်ဘာ ၅ ရက်က တွေ့ရှိရကြောင်း တရားဝင် သတင်းရင်းမြစ်များအား ကိုးကားလျက် ifp.co.in သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားသည်။
အဆိုပါ လူနာကို လောက်နယက် (Lok Nayak) ဆေးရုံသို့ တင်ပို့ထားကြောင်း၊ ကိုဗစ်ပိုးအသစ်မှ ကာကွယ်နေထိုင်ရေး နည်းလမ်းများမှာ ယခင်အတိုင်း အတူတူပင်ဖြစ်ကြောင်း၊ နှာခေါင်းစည်းတပ်ဆင်၍ လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ရန် ဖြစ်ကြောင်း ဒေလီကျန်းမာရေးဝန်ကြီး စယန်ဒါဂျိန်း (Satyendar Jain)က ပြောကြားခဲ့သည်။
“အိုမိုက်ခရွန်မျိုးကွဲရဲ့ ပထမဆုံးလူနာကို ဒေလီမှာ သတင်းထုတ်ပြန်ပြီးပါပြီ။ လူနာကို လောက်နယာဆေးရုံ ပို့ထားပါတယ်၊ အိုမိုက်ခရွန်ဟာ ရောဂါအသစ် မဟုတ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်နဲ့ မျိုးကွဲတစ်မျိုးပါ။ ဒါကိုရှောင်ရှားဖို့က အရင် အကြံပြုချက် တွေ အတိုင်းပါပဲ။ ဒါကြောင့် ကာကွယ်ဆေးထိုးပါ။ နှာခေါင်းစည်းတပ်ပါ။ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေပါ” ဟု စယန်ဒါဂျိန်းက ဟိန္ဒီ (Hindi)ဘာသာဖြင့် တွစ်တာလူမှုကွန်ရက်တွင် အသိပေး တိုက်တွန်းထားသည်။
ပုံ-ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနေစဉ်။
အဆိုပါ ဖြစ်စဉ်သည် အိန္ဒိယနိုင်ငံတွင် အိုမိုက်ခရွန်မျိုးကွဲ၏ ပဉ္စမမြောက် လူနာတွေ့ရှိခြင်း ဖြစ်ပြီး ပထမဆုံး အိုမိုက်ခရွန် မျိုးကွဲနှစ်ခု တွေ့ရှိခြင်းကို ဒီဇင်ဘာ ၂ ရက်ကတည်းက ကာနာတာကာပြည်နယ်၌ ကြေညာခဲ့ပြီး ဖြစ်သည်။ နောက်ထပ် အိုမိုက်ခရွန် လူနာနှစ်ဦးကိုတော့ မဟာရာရှ်ထရာနှင့် ဂူဂျာရတ်ပြည်နယ်တို့မှာ အသစ်တွေ့ရှိခဲ့သည်။
ကျန်းမာရေး အစီရင်ခံစာများအရ တန်ဇန်နီးယားမှ ပြန်လာသူသည် ကာကွယ်ဆေး အပြည့်ထိုးထားပြီး လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် အားနည်းခြင်း စသည့် အပျော့စား ရောဂါလက္ခဏာများ ပြသနေသည်။
အိုမိုက်ခရွန်မျိုးကွဲကို တောင်အာဖရိကတွင် စတင်တွေ့ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)သို့ နိုဝင်ဘာ ၂၄ ရက်၌ ပထမဆုံး အစီရင်ခံခဲ့သည်။ ဒုတိယမြောက် တွေ့ရှိမှုကို အာဖရိကတိုက်မှပင် ဘော့ဆွာနာနိုင်ငံ၌ တွေ့ရှိခဲ့သည်။ WHO က အိုမိုက်ခရွန်ကို “စိုးရိမ်ရသည့် ကိုဗစ်မျိုးကွဲ” အဖြစ် နိုဝင်ဘာ ၂၆ ရက်တွင် ကြေညာခဲ့သည်။
Source: ifp.co.in