CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၅
အိုမိုက်ခရွန်၏ဗီဇပြောင်းလဲမှုများသည် ကာကွယ်ဆေးများ၏အာနိသင်ကို အနည်းဆုံးအတိုင်းအတာတစ်ခုအထိ ကျော်လွှားရှောင်ရှားနိုင်စရာရှိနေကြောင်း ကနဦးအကြံပြုချက်များ ရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ်၏ ယခင် ဗားရှင်း (previous versions)များထက် အလွန်ပြင်းထန်သောနာမကျန်းဖြစ်စေမှု မရှိနိုင်တော့ကြောင်း သုံးသပ် ကြသည်ဟု သည်စထရိတ်တိုင်းမ်သတင်းစာ၏ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြသည်။
အိုမိုက်ခရွန်အမည်ရှိ ဗီဇပြောင်း ကိုဗစ်ရောဂါပိုးကို စူးစမ်းနေကြသည့် ဆေးသိပ္ပံပညာရှင်များသည် လာမည့် လများအတွက် စုဆောင်းထားရမည့်သတင်းအချက်အလက်များကို ပထမဆုံးအရိပ်အမြွက်ရနေပြီဟုဆိုသည်။
သို့သော် အဆိုပါအချက်အလက်များသည် ယခုအချိန်အထိ အကန့်အသတ်ဖြင့်သာ ရှိသေးသည်။ ထို့ကြောင့် လက်ရှိအထောက်အထားများစွာမှာ ကွန်ပျူတာဖြင့် ပုံစံထုတ်ခြင်းနှင့် အိုမိုက်ခရွန်၏ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်း တည်ဆောက်ပုံများကို ယခင်မျိုးကွဲများနှင့် နှိုင်းယှဉ်လေ့လာရာမှ ရရှိလာသည်ဟု သည်စထရိတ်တိုင်းမ်က ဆက်လက်ရေးသားထားသည်။
ဒယ်လ်တာမျိုးကွဲထက် ဗီဇပြောင်းလဲမှု နှစ်ဆပိုများသော အိုမိုက်ခရွန်သည် လျှို့ဝှက်ချက်များ ရှိနေဆဲဖြစ်ပြီး ဗိုင်းရပ်စ်ပေါ်ရှိ ဆူးများသဖွယ်တွေ့ရသော သရဖူပုံစံ ပရိုတင်းဓာတ်သည် လူသားတို့ခန္ဓာကိုယ်အတွင်းသို့ တိုက်ခိုက်ထိုးဖောက်ရန် ကျင့်သားရနေသည့်အသွင် တွေ့ရှိရသည်။
အိုမိုက်ခရွန်ကို ယခင်ဒယ်လ်တာကဲ့သို့ ကပ်ရောဂါ နောက်ဆုံးလှိုင်းဖြစ်ပေါ်စေမည်ဟု ယူဆခဲ့ကြသောကြောင့် ယခုတွေ့ရှိရသော ဗိုင်းရပ်စ်၏အသွင်အပြင်မှာ သိပ္ပံပညာအသိုင်းအဝိုင်းအတွင်း အံ့အားသင့်စေခဲ့သည်။ ယင်း ဗိုင်းရပ်စ်သည် ၁၉၁၈ ခုနှစ် တုပ်ကွေးကူးစက်ရောဂါကဲ့သို့ အထွတ်အထိပ်ရောက်ပြီး အပြီးသတ်တွင် ပပျောက် သွားခဲ့သည်။
သိပ္ပံပညာရှင်များသည် အိုမိုက်ခရွန်ဗီဇပြောင်းလဲမှုများကို အတိအကျအဖြေပေးနိုင်ရန် ရက်သတ္တပတ်များစွာ အချိန်ယူရပြီး ၎င်း၏ ပိုမိုကူးစက်နိုင်စွမ်း ရှိ/မရှိနှင့် ကူးစက်ခံရပါက မည်သို့သက်ရောက်မှုရှိမည်ကို အတိအကျ ရှင်းပြနိုင်ရမည်ဖြစ်သည်။
သို့သော် လတ်တလောကာလအထိ အစောပိုင်းတွေ့ရှိချက်များသည် သိပ္ပံပညာရှင်များအတွက် အလားအလာနှင့် မှန်းဆချက်တချို့ တွေ့နိုင်ရန် အခွင့်အလမ်းရှိနေကြောင်း သိရသည်။
Source: The Straits Times