CNI International News

လော့အန်ဂျလိစ်၊ ဒီဇင်ဘာ ၃

ယခုရက်ပိုင်းအတွင်း COVID ရောဂါပိုး မျိုးကွဲအသစ်ဖြစ်သည့် အိုမိုင်ခရွန်(Omicron) ဒုတိယမြောက် အတည်ပြု လူနာကို တွေ့ရှိရကြောင်း အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်အာဏာပိုင်များက ဒီဇင်ဘာ ၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း အေပီက ရေးသားဖော်ပြသည်။

လော့အင်ဂျလိစ်နယ်မြေအတွင်း ကာကွယ်ဆေးအပြည့်ထိုးနှံထားသူတစ်ဦးသည် ပြီးခဲ့သည့်လက တောင်အာ ဖရိကခရီးစဉ်အတွင်း ကူးစက်ခံရပြီးနောက် ကိုရိုနာဗိုင်းရပ်စ် အသွင်ပြောင်းမျိုးကွဲ အိုမိုင်ခရွန်ကို ပထမဆုံး တွေ့ရှိခဲ့ရကြောင်း လော့အန်ဂျလိစ်ပြည်သူ့ကျန်းမာရေးဌာနက ကြေညာခဲ့သည်။

အဆိုပါလူနာတွင် တွေ့ရှိရသော ရောဂါလက္ခဏာများမှာ ဆေးကုသမှုမခံယူဘဲ တိုးတက်ကောင်းမွန်လာကြောင်း၊ ခရီးသွားဖူးသူ အနီးကပ်ထိတွေ့ဖူးသူအချို့တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရသော်လည်း မည်သည့်ရောဂါလက္ခဏာမျိုးမှ အထူးအထွေ မတွေ့ရကြောင်း အဆိုပါဌာန၏ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။

ယခု ပိုးတွေ့ရသော ဆန်ဖရန်စစ္စကိုမြို့ခံ လူနာသည် မကြာသေးမီက တောင်အာဖရိကနိုင်ငံသို့ သွားရောက်ခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်၌ အမေရိကန်သို့ ပြန်လည်ရောက်ရှိလာသည့် နောက်ပိုင်း အပျော့စား ကိုရိုနာဗိုင်းရပ်စ် ရောဂါ လက္ခဏာများ ပေါ်ပေါက်လာခဲ့သဖြင့် ၎င်းကို ပထမဆုံးအတည်ပြု အိုမိုင်ခရွန်ကူးစက်ခံရသူအဖြစ် ဒီဇင်ဘာ ၁ ရက်က မှတ်တမ်းတင်ခဲ့ကြောင်း ပြည်နယ်အာဏာပိုင်များက ပြောကြားခဲ့သည်။

အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနများအနေဖြင့် သတ်မှတ်ထားသောနိုင်ငံများမှ ရောက်လာသူများကို ကယ်လီဖိုးနီးယားပြည်နယ်အတွင်းရှိ လေဆိပ်များတွင် Covid-19 စမ်းသပ်မှု တိုးမြှင့် လုပ်ဆောင်နေကြောင်း ပြည်နယ်ကျန်းမာရေးတာဝန်ရှိသူများက အသိပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံအတွင်း နောက်ထပ်ရောဂါဖြစ်ပွားမှုအများအပြားရှိခဲ့ရာ ဒီဇင်ဘာ ၂ ရက်က နယူးယောက်မြို့တော်၏ ဧရိယာအတွင်း ဖြစ်ပွားသူ ၅ ဦးကိုလည်း ကောင်း ၊ မင်နီဆိုတာ၊ ဟာဝိုင်ယီနှင့် ကော်လို ရာဒိုပြည်နယ်တို့တွင် တစ်ဦးစီတွေ့ရှိခဲ့ရသဖြင့် အသွင်ပြောင်းမျိုးကွဲရောဂါပိုး စတင်ပျံ့နှံ့နေပြီဖြစ်ကြောင်း အကြံ ပြုလမ်းညွှန်ချက်များ တဖန်ထွက်ပေါ်လာခဲ့သည်။

အိုမိုင်ခရွန်သည် ယခင်တွေ့ရှိခဲ့သော ပိုးအမျိုးအစားထက် ပိုမိုကူးစက်နိုင်ခြင်းရှိ/မရှိဆိုသည့်အချက်အပါအဝင် လူအများကို ဖျားနာစေခြင်း၊ ကာကွယ်ဆေးကို ထိုးဖောက်နိုင်စွမ်းရှိခြင်း (သို့မဟုတ်) Covid-19 ဖြစ်ပွားဖူးသူများ ရရှိသည့်ကိုယ်ခံအားစနစ်ကို ပိုမိုလွယ်ကူစွာချိုးဖျက်နိုင်ခြင်း ရှိ/မရှိတို့ကို ဂဃဏန မသိရှိရသေးပေ။ ထို့ပြင် ကမ္ဘာ့ကျန်းမာရေးအာ ဏာပိုင်များက လူသေဆုံးမှုနှင့် အိုမိုင်ခရွန်ကို လက်ရှိအနေအထား၌ ကွင်းဆက်အနေဖြင့် ချိတ်ဆက်ဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

 Soure: AP