ဆိုးလ်၊ ဒီဇင်ဘာ ၃
တောင်ကိုရီးယားနိုင်ငံတွင် ယမန်နှစ် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါစတင်ပြီးနောက်ပိုင်း ၎င်း၏နောက်ဆက်တွဲ ဗိုင်းရပ်စ်လှိုင်းများတွင် ရုန်းကန်ခဲ့ရသောကြောင့် အစိုးရက မကြာသေးမီက လူစုလူဝေးပွဲများဆိုင်ရာ ကန့်သတ် ချက်များကို ဖြေလျှော့ပေးခဲ့သော်လည်း လာမည့်ရက်သတ္တပတ်၌ လူနေထူထပ်သော ဆိုးလ်မြို့တော်နှင့်အနီး တဝိုက်တွင် လူ ၇ ဦး (သို့မဟုတ်) ယင်းထက်ပိုသောစုဝေးမှုများ တားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း အေပီ သတင်းတစ်ပုဒ်အရ သိရသည်။
တောင်ကိုရီးယားတွင် ပိုမိုကူးစက်ပျံ့နှံ့လွယ်သော ဒယ်လ်တာ (Delta) ပိုးကြောင့် ဆေးရုံများ၏စွမ်းရည်ကိုလည်း တကျော့ပြန် လွှမ်းခြုံခြိမ်းခြောက်လာနိုင်သဖြင့် ယခုကဲ့သို့ ထပ်မံကန့်သတ်ရခြင်းဖြစ်ကြောင်း အစိုးရ တာဝန်ရှိ သူများ က ဒီဇင်ဘာ ၃ ရက် (ယနေ့) က ပြောကြားခဲ့သည်။
စားသောက်ဆိုင်များ၊ ရုပ်ရှင်ရုံများ၊ ပြတိုက်များ၊ စာကြည့်တိုက်များနှင့် အခြားမိုးလုံလေလုံနေရာများတွင် အရွယ် ရောက်ပြီးသူတိုင်း ၎င်းတို့ကာကွယ်ဆေးထိုးနှံထားမှုအခြေအနေကို မိုဘိုင်းအက်ပ် (Mobile App) များမှတစ်ဆင့် ဖော်ပြသွားရန် လိုအပ်မည်ဖြစ်သည်။ ထိုနေရာများသို့ ဝင်ရောက်လိုလျှင် ကာကွယ်ဆေးအပြည့်ထိုးပြီး အရွယ် ရောက်သူများသာ လက်ခံမည်ဖြစ်ပြီး ဆေးထိုးပြီးသူနှင့် မထိုးရသေးသူ အုပ်စုနှစ်စုခွဲလျက် တစ်ဦးချင်းစီကို အကန့် အသတ်ဖြင့် ခွင့်ပြုရမည်ဟု ဆိုသည်။
လာမည့် ဖေဖော်ဝါရီလမှစတင်၍ အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြားရှိ ကလေးသူငယ်များကို ကာကွယ်ဆေးထိုးနှံပြီး ကြောင်း သက်သေခံလက်မှတ်များ တိုးချဲ့မြှင့်တင်သွားရန် တောင်ကိုရီးယားကျန်းမာရေးအာဏာပိုင်များက စီစဉ် နေသည်။
ဗိုင်းရပ်စ်အခြေအနေ မည်သို့တိုးပွားလာသည်ကို စောင့်ကြည့်နေစဉ်အတွင်း လူစုလူဝေးဆိုင်ရာ ကန့်သတ်ချက် များကို အနည်းဆုံး ရက်သတ္တလေးပတ်ကြာ ထားရှိဦးမည်ဖြစ်ကြောင်း တောင်ကိုရီးယားကျန်းမာရေးဝန်ကြီး ကွမ်ဒေါက်ချွဲက ပြောကြားခဲ့သည်။
လက်ရှိတွင် ၂၄ နာရီဖွင့်ခွင့်ပြုထားသော စားသောက်ဆိုင်များတွင် ထမင်းစားချိန် ကန့်သတ်ရန် တာဝန်ရှိသူများက စဉ်းစားထားသော်လည်း အသက်မွေးဝမ်းကျောင်းဆိုင်ရာ စိုးရိမ်မှုများကြောင့် ခေတ္တဆိုင်းငံ့ထားကြောင်း ဝန်ကြီး က ဆက်လက်ပြောကြားသည်။
“အခြေအနေက ပိုဆိုးလာတယ်။ နေ့စဉ်ကူးစက်မှုအဆင့်က ၅၀၀၀ ကျော်အထိ တိုးလာတယ်။ ကျနော်တို့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်က အကန့်အသတ်ဖြစ်သွားတဲ့အထိ အန္တရာယ်ကြီးလာပါတယ်” ဟု ကွမ်ဒေါက်ချွဲ က သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။
“ဒါ့အပြင် ကျနော်တို့က အိုမိုင်ခရွန် ဗိုင်းရပ်စ်မျိုးကွဲဖြစ်ပွားမှုကို အတည်ပြုထားပါတယ်။ အဲဒါကလည်း ဒေသတွင်း လူမှုအသိုင်းအဝိုင်းထဲ ထပ်ပျံ့နှံ့မှာ စိုးရိမ်ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့မှာ အိုမိုင်ခရွန်ဖြစ်ပွားသူ ၆ ဦး တွေ့ခဲ့ ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ၎င်း၏ပြောကြားချက်၌ အိုမိုင်ခရွန်ဖြစ်ပွားသူ ၆ ဦးမှာ နိုင်ဂျီးရီးယားနိုင်ငံမှ ရောက်ရှိလာသူများကို ရည်ညွှန်းပြောကြားခဲ့ခြင်းဖြစ်သည်။
Source: AP