တိုကျို၊ ဒီဇင်ဘာ ၂

ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် ကာကွယ်ရန် မူဝါဒအပေါ် တုံ့ပြန်မှုလွန်ကဲသည်ဟု ဝေဖန်ကြ၍ နောက်တစ်ရက်အကြာတွင် နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပိတ်ပင်မှုကို ဂျပန်အစိုးရက ပြန်လည်ရုတ်သိမ်းလိုက်ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အိုမိုက်ခရွန် မျိုးကွဲအသစ်ကို တားဆီးရန် အရေးပေါ် ကြိုတင်ကာကွယ်မှု အနေဖြင့် ယခုလ(ဒီဇင်ဘာလ)အကုန်ပိုင်းအထိ ဂျပန်သို့ လာရောက်မည့် လေယာဉ်များအတွက် ကြိုတင်စာရင်းပေး မှာယူမှုများကို ပိတ်ပင်သည့် အမိန့်တစ်ရပ်ကို နိုင်ငံ တကာ လေကြောင်း လုပ်ငန်းများထံသို့ ဂျပန်သယ်ယူ ပို့ဆောင်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ တားမြစ်ပိတ်ပင်မှုသည် တင်းကျပ်လွန်းပြီး ပြည်သူများကို ပစ်ပယ်သည့်သဘောနှင့် အတူတူပင်ဖြစ်ကြောင်း ဝေဖန် အပြစ်တင်သံများ ထွက်ပေါ်လာခြင်းကြောင့် တားမြစ်အမိန့်ကို ပြန်လည်ရုတ်သိမ်းကြောင်း ၎င်းဝန်ကြီးဌာနက ဒီဇင်ဘာ ၂ ရက်တွင် ထပ်မံထုတ်ပြန်ခဲ့ရသည်။

ပုံ- ဂျပန်လေဆိပ်ကို တွေ့ရစဉ်။(AP)

ထိုမူဝါဒ အလျင်အမြန် ပြောင်းလဲရခြင်း၌ ဂျပန်ပြည်သူများ၏ ခရီးသွား လိုအပ်ချက်ကို ထည့်သွင်းစဉ်းစားခဲ့ကြောင်း ဝန်ကြီး ချုပ် ဖူမီယိုကီရှီဒါက ပြောကြားခဲ့သည်။

ယခင်ဝန်ကြီးချုပ် ယိုရှိဟိဒဲဆုဂသည် ၎င်း၏ ကိုဗစ်ဆိုင်ရာ ကိုင်တွယ်ဖြေရှင်းမှု နှေးကွေးလွန်းသည်ဟု ဝေဖန်ခံရပြီးနောက် ရာထူးမှ ဆင်းပေးခဲ့ရသဖြင့် လက်ရှိဝန်ကြီးချုပ် ကီရှီဒါအတွက်လည်း ကပ်ရောဂါ ကြိုတင်ကာကွယ်မှု အစီအမံများ အပူ တပြင်း ချမှတ်ရန် တွန်းအား ဖြစ်လာခဲ့သည်။

“အိမ်ပြန်လာကြမယ့် ဂျပန်နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေကို အပြည့်အဝအာရုံစိုက်ဖို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနကို ကျနော် ညွှန်ကြားထားပါတယ်” ဟု ကီရှီဒါက ပြောကြားခဲ့သည်။

ကပ်ရောဂါမျိုးကွဲ ပျံ့နှံ့လာပြီဆိုသော သတင်းကြောင့် နိုင်ငံအချို့က ၎င်းတို့၏ နယ်စပ်ထိန်းချုပ်မှုများ ပိုမိုတင်းကျပ် လာနေ ချိန်တွင် ဂျပန်နိုင်ငံကလည်း နေ့စဉ်နိုင်ငံတကာမှ ရောက်ရှိလာသူ ဦးရေ ၅,၀၀၀ ရှိနေရာမှာ ၃,၅၀၀ သို့လျှော့ချရန် ရည်ရွယ် ထားကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ပုံ- ဂျပန်ဝန်ကြီးချုပ် ကီရှီဒါကိုတွေ့ရစဉ်။(Reuters)

“အရေးပေါ်ကြိုတင်ကာကွယ်မှု ထုတ်ပြန်ချက်ဟာ အရှုပ်အထွေး ဖြစ်စေပါတယ်” ဟု အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ဟီရိုကာဇူမက်စူနိုက ဒီဇင်ဘာ ၂ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

နေ့စဉ် လေဆိပ်သို့ ဆိုက်ရောက်လာသူ ၃၅၀၀ သာ လက်ခံရန် ကန့်သတ်ထားသဖြင့် ကြိုတင်စာရင်းသွင်းမှုများ ပြုလုပ်နိုင် သေးကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ဟီတိုရှီအင်နူးက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည် မိမိတို့ နိုင်ငံသားများ၏ အိမ်ထောင်ဖက်များ၊ အမြဲတမ်း နေထိုင်ခွင့်ရှိသူများနှင့် သီးခြားထည့်သွင်း စဉ်းစားရမည့် သူများမှလွဲ၍ ကမ္ဘာတဝန်းမှ နိုင်ငံခြားသား ဝင်ရောက်မှုကို ဟန့်တားပြီး ဖြစ်သည်။

Source: AP