CNI International News

မိန့်ဇ် (ဂျာမနီ)၊ ဒီဇင်ဘာ ၁

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲဖြစ်သော အိုမိုက်ခရွန်(Omicron)အတွက် စိုးရိမ်နေသူများကို စိတ်မပူကြဖို့ ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်ခဲ့သည့် ဂျာမန်ဆေးကုမ္ပဏီ BionNTech ၏ အမှုဆောင်အရာရှိချုပ် (CEO)က ပြောကြားလိုက်ကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ရေးသားဖော်ပြသည်။

နိုဝင်ဘာ ၃၀ ရက်၌ The Wall Street ဂျာနယ် (paywall) နှင့် အင်တာဗျူးတွင် BioNTech ဆေးဝါး လုပ်ငန်းပူးတွဲ တည် ထောင်သူနှင့် ကနဦး ထွက်ရှိခဲ့သော ကိုဗစ်ကာကွယ် ဆေးများအနက်မှ တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့သူ အူဂါစဟင်က “အိုမိုက်ခရွန် အမျိုးအစားသည် ကာကွယ်ဆေး ထိုးပြီး သူများကို ပိုမို ကူးစက်လာနိုင်ခြေ ရှိသော်လည်း လက်ရှိ ကာကွယ် ဆေးများသည် အပြင်းအထန် ဖျားနာခြင်းမှ ကာကွယ်နိုင်မည့် အလားအလာ ရှိနေဆဲဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့ သည်။

“ကျနော်တို့ ပေးချင်တဲ့ သတင်းစကား(မက်စ်ဆေ့ချ်)ကတော့ စိတ်ပူကြပါနဲ့။ အရင် အစီအစဉ်အတိုင်းပဲ ရှိပါတယ်။ တတိယ အကြိမ် ခုခံအားမြှင့်တင်ဖို့ ကြိုးစားကြပါ”ဟု ၎င်းက The Wall Street ဂျာနယ်သို့ ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် ၎င်းနှင့် သုတေသီအဖွဲ့က တီထွင်ဖော်စပ်ခဲ့သော BioNTech mRNA ထိုးဆေးသည် အမေရိ ကန် Pfizer ဆေးကုမ္ပဏီနှင့် ပူးပေါင်းထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းဆေး၏ အာနိသင်မှာ အခြားဗိုင်းရပ်စ် မျိုးကွဲကြောင့် ပြင်း ထန်သော ရောဂါများ ဖြစ်ပွားခြင်းမှ ခုခံတွန်းလှန်နိုင်ကြောင်း သက်သေပြပြီး ဖြစ်သည်ဟု အူဂါစဟင်က ပြောကြားခဲ့သည်။

အိုမိုက်ခရွန်သည် ဒယ်လ်တာ(Delta) မျိုးကွဲထက် ကာကွယ်ဆေးများတွင် ပါရှိသော ပဋိပစ္စည်းများကို ရှောင်ရှားနိုင်ဖွယ် ရှိသော်လည်း ယခုမျိုးကွဲအသစ်၏ ဗီဇပြောင်းလဲမှု အရေ အတွက်မှာ ပိုမိုများပြားသောကြောင့် ကူးစက်ချိန်၌ ခန္ဓာကိုယ်၏ T-cell ခုခံအား တုံ့ပြန်မှုကိုတော့ ထိုးဖောက်သွားလာနိုင်မည် မဟုတ်ကြောင်း အူဂါစဟင်က မှတ်ချက်ချခဲ့သည်။

“ကျနော်တို့ ယုံကြည်ထားတာကတော့ အခုကာကွယ်ဆေးတွေဟာ အိုမိုက်ခရွန်နဲ့ ဆန့်ကျင်ဘက် တုံ့ပြန်နိုင်တယ်ဆိုတာ ဆေးသိပ္ပံအနေနဲ့ လက်ခံပြီးသား ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ဟာ ကိုယ်ခံအားကို ကျော်လွန်သွားပြီဆိုရင် သူ့အနေနဲ့ ပဋိပစ္စည်းတွေ ကို ခုခံနိုင်စွမ်းရှိလာပေမယ့် ပြင်းထန်တဲ့ ရောဂါဖြစ်ပွားမှု အကာအကွယ်ပေးတဲ့ ဒုတိယအဆင့် ခုခံအားတုံ့ပြန်မှု T-cells တွေ ရှိပါသေးတယ်” ဟု ၎င်းက The Wall Street ဂျာနယ်သို့ ဆက်လက်ရှင်းပြသည်။

BioNTech အမှုဆောင်အရာရှိချုပ်နှင့် တွေ့ဆုံသော အင်တာဗျူးသည် အခြားဆေးဝါးလုပ်ငန်း တစ်ခုဖြစ်သည့် မော်ဒါနာ (Moderan)၏ အကြီးအကဲ စတီဖင်ဘန်ဆဲလ်၏ နိုဝင်ဘာ ၃၀ ရက် သဘောထားမှတ်ချက်များနှင့် အလားတူပင်ဖြစ်သည်။

စတီဖင်ဘန်ဆဲလ်ကလည်း Financial Times မီဒီယာနှင့်အင်တာဗျူးတွင် “လက်ရှိ ကိုဗစ်ထိုးဆေးများသည် အိုမိုက်ခရွန် အပေါ် ထိရောက်မှု ပိုမိုလျော့နည်းစေမည်”ဟု သတိပေးခဲ့သည်။

“ဒယ်လ်တာတုန်းကလို အဆင့်တူ ပိုးမျိုးကို ထိရောက်စေနိုင်တဲ့ အစွမ်းသတ္တိ ကမ္ဘာမှာ မပေါ်သေးဘူးလို့ ကျနော်ထင်ပါတယ်။ အလားအလာ နည်းသွားပြီလို့လည်း ထင်တယ်။ အချက်အလက်တွေကို စောင့်ရဦးမှာဆိုတော့ ဘယ်လိုလာဦးမယ် မသိသေး ဘူးပေါ့။ ဒါပေမယ့် ကျနော်စကားပြောဖြစ်တဲ့ သိပ္ပံပညာရှင်အားလုံးကတော့ ဒါဟာ ကောင်းတဲ့အနေ အထားတော့ မဟုတ်ဘူး တဲ့” ဟု စတီဖင်ဘန်ဆဲလ်က မှတ်ချက်ချခဲ့သည်။

၎င်း၏ သဘောထား မှတ်ချက်များသည် ဥရောပနှင့် အာရှဈေးကွက်များကို တုန်လှုပ်စေခဲ့ပြီး စတော့ရှယ်ယာများနှင့် ရေနံ နှုန်းထားများကို ကျဆင်းသွားစေခဲ့သည်။

The Wall Street ဂျာနယ်နှင့် အင်တာဗျူးတွင် အူဂါစဟင်က “အိုမိုက်ခရွန်ကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေး (ထိုးဆေး) အနေနဲ့ ဈေးကွက်ထဲရောက်ဖို့ ရက်ပေါင်း ၁၀၀ လောက် အချိန်ယူ ရမယ်ဆိုပေမယ့် အဲဒီလောက်အထိလည်း အချိန်ယူရဖို့ လိုချင်မှလိုမယ်” ဟု ပြောကြားသွားခဲ့သည်။

Source: Aljazeera