ဒိုင်မ်နီယာဒီယို(ဆီနီဂေါ) နိုဝင်ဘာ ၃၀
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် နိုဝင်ဘာ ၂၉ ရက်က အာဖရိကတိုက်အတွက် ကိုဗစ်ကာကွယ်ဆေး ၁ ဘီလီယံ ပေးမည်ဟု ကတိပေးခဲ့သည်။ အာဖရိကသည် ကူးစက်ရောဂါအတွက် ကာကွယ်ဆေးရရှိရန် ရုန်းကန် နေရဆဲ ဖြစ်သည်။
ဆီနီဂေါနိုင်ငံ၏ ဒါကာမြို့တော်အနီးတွင် ကျင်းပသည့် တရုတ်-အာဖရိကထိပ်သီးအစည်းအဝေးသို့ ဗီဒီယိုလင့်ခ်မှ တစ်ဆင့် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် သမ္မတ ရှီကျင့်ဖျင်က ၎င်းနိုင်ငံမှ ကာကွယ်ဆေးပမာဏ သန်း ၆၀၀ ကို တိုက်ရိုက်လှူဒါန်းသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
အာဖရိကနိုင်ငံအများစုတွင် ဆိုးရွားစွာချို့တဲ့နေသည့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှု ကဲ့သို့ အခြားရင်းမြစ်များထံမှလည်း ဆေးဝါး သန်း ၄၀၀ လာမည်ဖြစ်သည်။
ဆီနီဂေါနိုင်ငံ ပင်လယ်ကမ်းစပ် ဒါကာမြို့တော်နှင့် မလှမ်းမကမ်းရှိ ဒိုင်မ်နီယာဒီယိုမြို့တွင် ကျင်းပခဲ့သည့် ကုန်သွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ အာဖရိကန်နိုင်ငံများနှင့် တရုတ်တို့ဆေးနွေးပွဲ၏ တစိတ်တပိုင်းအနေဖြင့် ရှီ၏ ယခုကတိကဝတ် ထွက်ပေါ်လာခြင်းဖြစ်သည်။
တရုတ်သည် အာဖရိကတွင် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုများရှိနေပြီး ၂၀၁၉ ခုနှစ်တွင် တိုက်ရိုက်ကုန်သွယ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံကျော်သဖြင့် အာဖရိက၏ အများဆုံးကုန်သွယ်မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ဆီနီဂေါမြို့တော် ဒါကာမြို့၊ တရုတ်သံရုံးက ပြောသည်။
ဘေဂျင်းသည် ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ဆင်းရဲသော အာဖရိကနိုင်ငံများအတွက် ၎င်းထုတ်လုပ်သည့် Sinopharm ကာကွယ်ဆေး သန်းပေါင်းများစွာ လှူဒါန်းခဲ့သည်။
သို့သော်လည်း တရုတ်သည် အင်အားကြီးမားစွာဖြင့် သံတမန်ရေးရာထိုးစစ်၏ တစိတ်တပိုင်း လုပ်ဆောင်နေ ကြောင်း ဝေဖန်သူများက စွပ်စွဲကြသည်။
“COVID ကို ဆက်လက်တိုက်ဖျက်ရမှာဖြစ်ပါတယ်” ဟု ရှီက ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့ပြီး အာဖရိက သို့ တရုတ်ဆေးဝန်ထမ်း ၁၅၀၀ ခန့် စေလွှတ်ပေးမည်ဟု သိရသည်။
အာဖရိကတိုက်တွင် ကာကွယ်ဆေးထိုးနှံနိုင်မှုနှုန်းမှာ အခြားကမ္ဘာ့နိုင်ငံများနှင့် ယှဉ်လျှင် နည်းပါးနေသေးပြီး အာဖရိကနိုင်ငံအများစုတွင် ပြည်တွင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ မရှိကြခြင်းနှင့် အလုံးအရင်းဝယ်ယူနိုင်ခြင်း မရှိစေသည့် စရိတ်စကကြီးမြင့်မှုများကြောင့် နိုင်ငံခြားတိုင်းပြည်မှ ကရုဏာဖြင့် ပေးအပ်လှူဒါန်းမှုများကိုသာ လက်ခံနေရသည်။
ဘေဂျင်းနှင့် ဝါရှင်တန်တို့အကြား ပြိုင်ဆိုင်မှုကြီးထွားလာနေသည့်နောက်ခံအခင်းအကျင်းကို ဆန့်ကျင်သည့် အနေဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် ကင်ညာ၊ နိုင်ဂျီးရီးယားနှင့် ဆီနီဂေါ နိုင်ငံများသို့ ယခုထိပ်သီးအစည်းအဝေးကျင်းပချိန်နှင့် တိုက်ဆိုင်လျက် ရောက်ရှိလာခဲ့သည်။
ဘလင်ကင်သည် ၎င်း၏အာဖရိကခရီးစဉ်အတွင်း အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ဒေသတွင်း ကာကွယ် ဆေး ထုတ်လုပ်သည့်နေရာများကို တိုးမြှင့်ရန် ဆွေးနွေးခဲ့သည်။
ပြီးခဲ့သည့်လက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် တစ်ကြိမ်ထိုးရသည့် ကာကွယ်ဆေး ၁၇ သန်း လှူဒါန်းရန် အာဖရိကန်သမဂ္ဂသို့ ကတိပြုခဲ့သည်။
Source: AFP, Reuters