ဘရာဇီလီယာ၊ နိုဝင်ဘာ ၂၇

Covid-19 မျိုးကွဲအသစ် ထပ်မံတွေ့ရှိပြီးနောက် အာဖရိကနိုင်ငံအချို့မှ ခရီးသွားများ လာရောက်ခြင်းကို တားမြစ်ရန် ဘရာဇီးကျန်းမာရေးဆိုင်ရာအာဏာပိုင်များက အကြံပြုထားသော်လည်း ယင်းသို့ တားမြစ်ရေး အစီအမံများကို သမ္မတ ဂျာအိဘော်ဆိုနာရိုက ပယ်ချခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသား ဖော်ပြသည်။

ဘရာဇီးကျန်းမာရေးတာဝန်ရှိသူ အန်ဗီဇာ (Anvisa) က ၎င်း၏အကြံပြုချက်ကို အကောင်အထည်ဖော်ရန် အစိုးရ ခွင့်ပြုချက်လိုအပ်ကြောင်း၊ ၎င်းအကြံပြုလိုသည်မှာ တောင်အာဖရိက၊ ဘော့ဆွာနာ၊ လီဆိုသို၊ အက်စဝါတီနီ၊ နမီးဘီးယားနှင့်ဇင်ဘာဘွေစသည့် အာဖရိကနိုင်ငံများမှ လေကြောင်းခရီးစဉ်များကို ချက်ချင်း ရပ်ဆိုင်းရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သုတေသီများက ကိုရိုနာဗိုင်းရပ်စ် ဗီဇပြောင်းလဲမှုအသစ်သည် ကာကွယ်ဆေးကို ခံနိုင်ရည်ရှိ/မရှိ စူးစမ်း နေချိန်တွင် ဗြိတိန်နှင့် ဥရောပသမဂ္ဂနိုင်ငံများက နယ်စပ်ထိန်းချုပ်မှုကို တင်း ကျပ်လိုက်ကြပြီဖြစ်သည်။

သမ္မတ ဘော်ဆိုနာရိုသည် ယခင်ကလည်း ကပ်ရောဂါစီမံခန့်ခွဲမှုအတွက် အဝေဖန်ခံခဲ့ရပြီးဖြစ်သည်။

၎င်းသည် ကပ်ရောဂါဆိုင်ရာ ပိတ်ဆို့ကန့်သတ်မှုများကို ဆန့်ကျင်လေ့ရှိသူဖြစ်ပြီး မကြာခဏဆိုသလို လူမြင်ကွင်းတွင် နှာခေါင်းစည်းတပ်ရန် ငြင်းဆိုခဲ့သည်။ ထို့ပြင် ကာကွယ်ဆေးထိုးရန် ရွေးချယ်ခြင်းမရှိသဖြင့် လက်ယာအစွန်းရောက်သမ္မတ ဘော်ဆိုနာရိုအပေါ် ၎င်းအစိုးရ၏ ကပ်ရောဂါဆိုင်ရာအကျပ်အတည်း ကိုင်တွယ် ဖြေရှင်းရန်အတွက် မကြာသေးမီကပင် ဆီးနိတ်(လွှတ်တော်)ကော်မရှင်က အဆိုပြုလာခဲ့သည်။

အမေရိကန်၊ ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ထုတ်ပြန်ချက်အရ ဘရာဇီးနိုင်ငံသည် အမေရိကန်ပြီးလျှင် ကိုဗစ်ကြောင့် သေဆုံးမှုဒုတိယအများဆုံးဖြစ်ပြီး သေဆုံးသူစုစုပေါင်း ၆၁၃,၀၀၀ (ခြောက်သိန်းတစ်သောင်းသုံးထောင်) ကျော် ရှိခဲ့သည်။

B.1.1.529 ဟုခေါ်သည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်သည် ကာကွယ်ဆေးများ၌ အခြေခံထားသည့် မူရင်းဗိုင်းရပ်စ် နှင့် သိသိသာသာကွာခြားသည့် စပိုက်ပရိုတင်း (spike protein) ပါရှိကြောင်း ဗြိတိန်ကျန်းမာရေးဆိုင်ရာ လုံခြုံမှု အေဂျင်စီက ပြောကြားခဲ့သဖြင့် လက်ရှိကာကွယ်ဆေးများအပေါ် တမျိုးတဖုံ စိုးရိမ်မှုများ တိုးလာစေခဲ့သည်။

Source: Aljazeera