ဂျိုဟန်နက်စ်ဘတ်၊ နိုဝင်ဘာ ၂၇

ထပ်မံပေါ်ပေါက်လာသည့် Covid-19 ရောဂါပိုး မျိုးကွဲအသစ် ပျံ့နှံ့မှု တားဆီးနိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံအများ အပြားက ခရီးသွားလာမှုပိတ်ပင်ရန် အဆောတလျင်စီမံနေကြခြင်းကို တောင်အာဖရိက ကျန်းမာရေးဝန်ကြီး ဌာနက ဆန့်ကျင်ခဲ့ပြီး ယင်းသို့အပြေးအလွှားအစီအမံများ ချမှတ်နေခြင်းမှာ သိပ္ပံနည်းကျမဖြစ်သည့်အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အကြံပြုချက်နှင့်ပါ မကိုက်ညီကြောင်း အပြစ်တင်ခဲ့သည်။

အိုမိုက်ခရွန်း (Omicron) ဟု အမည်ပေးထားသော အသွင်ပြောင်းမျိုးကွဲဗိုင်းရပ်စ်သည် တောင်အာဖရိကနိုင်ငံတွင် အသစ်ထပ်မံတွေ့ရှိပြီး ဖြစ်ပွားမှုများပြားလာသည့်အပေါ် ပြစ်တင်ဝေဖန်ခံနေရသော်လည်း ဟောင်ကောင်၊ ဘယ်လ်ဂျီယံ၊ အစ္စရေးနှင့် အာဖရိကတိုက်တောင်ပိုင်းရှိ ဘော့ဆွာနာနိုင်ငံတို့တွင် ပျံ့နှံ့နေပြီဖြစ်သည်။

“တချို့တုံ့ပြန်မှုတွေက တရားမျှတမှုမရှိဘူးလို့ ကျနော်တို့ယုံကြည်ပါတယ်” ဟု ကျန်းမာရေးဝန်ကြီး ဂျိုးဖာ အလှာက ပြောကြားခဲ့ပြီး “(သမ္မာကျမ်းလာ)ဆိတ်သူငယ်တစ်ကောင် အချည်းနှီး ရှာဖွေကြခြင်းသာဖြစ်ကြောင်း၊ (အခြေအမြစ်မရှိကြောင်း)” အမည်မဖော်လိုသော ခေါင်းဆောင်တချို့ကို သတင်းစာရှင်းလင်းပွဲတွင် စွပ်စွဲခဲ့သည်။

ဩစတြီးယား၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်နှင့် အမေရိကန်တို့သည် နိုဝင်ဘာ ၂၆ ရက်မှ စတင်၍ ဒေသတွင်းမှ လေကြောင်းခရီးစဉ်ပျံသန်းမှုများကို ကန့်သတ်ရန် ဗြိတိန်နှင့်ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။

နိုင်ငံပေါင်း ၂၇ နိုင်ငံပါဝင်သည့် ဥရောပသမဂ္ဂ(EU) ၏ လက်ရုံးဖြစ်သော ဥရောပကော်မရှင်သည် အာဖရိက တောင်ပိုင်းနိုင်ငံများသို့ ပျံသန်းမည့်လေကြောင်းခရီးစဉ်အားလုံးကို ဆိုင်းငံ့ရန် အဆိုပြုထားပြီး ကပ်ရောဂါ အန္တရာယ်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရမချင်း ဗိုင်းရပ်စ်မူကွဲသစ်ဖြစ်ပေါ်နေပြီဟု လတ်တလော ကောက်ချက်ချထားသည်။

သို့သော်လည်း ကုလသမဂ္ဂ၏ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က လတ်တလောအဆင့်တွင် ခရီးသွားလာမှု ကန့်သတ်ခြင်းများ မလုပ်ဆောင်သေးဘဲ နေကြရန် နိုဝင်ဘာ ၂၆ ရက်က တိုက်တွန်းခဲ့သည်။

အသစ်တွေ့ရှိထားသော ကိုရိုနာဗိုင်းရပ်စ်၏ဗီဇပြောင်းလဲမှုများသည် ဗိုင်းရပ်စ်တိုက်ခိုက်မှု ပိုမိုပြင်းထန်လာခြင်း (သို့မဟုတ်)ကူးစက်မှုနှုန်း ပိုမြန်လာခြင်း ရှိ/မရှိ အကဲဖြတ်ရန် ရက် သတ္တပတ်များစွာ အချိန်ယူရဦးမည်ဖြစ်ကြောင်း WHO က သတိပေးခဲ့သည်။

ယခု ကမ္ဘာ့နိုင်ငံအချို့၏ခရီးသွားကန့်သတ်မှုသည် မှားယွင်းသောချဉ်းကပ်မှုဖြစ်ပြီး WHO ၏စံနှုန်းများနှင့် အကြံဉာဏ်များကို ဆန့်ကျင်နေကြောင်း တောင်အာဖရိကကျန်းမာရေးဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

တောင်အာဖရိကနှင့် ဥရောပနိုင်ငံအချို့၏ နေ့စဉ်ကူးစက်မှုအနေအထားကို နှိုင်းယှဉ်ကြည့်ရာ ယခု ခရီးသွား ကန့်သတ်ရေးအစီအမံများသည် သိပ္ပံနည်းကျမဟုတ်ကြောင်း ဝန်ကြီး ဂျိုးဖာအလှာကက ထောက်ပြခဲ့သည်။

“ဒါကြောင့် သိပ္ပံပညာအရ သူတို့ အခုလုပ်နေတာ အဓိပ္ပါယ်သိပ်မရှိဘူးဗျ။ လူတော်တော်များများ စိတ်ခံစားမှုကို အခြေခံပြီး ဆင်ခြင်တုံတရားမပါဘဲ ဆုံးဖြတ်ချက်တွေ ချတတ်တာရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

လတ်တလော ကန့်သတ်ချက်များ ထွက်ပေါ်လာမှုသည် ဝင်ငွေအလွန်အမင်းလိုအပ်နေသော တောင်အာဖရိက ခရီးသွားလုပ်ငန်းအတွက် ပိုမိုချမ်းသာသည့် မြောက်ကမ္ဘာခြမ်းမှ ဧည့်သည်ဝင်ရောက်ရေးကြိုးပမ်းနေမှုအား တုန်လှုပ်ခြောက်ခြားသွားစေခဲ့ကြောင်း အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်က ရေးသားထားသည်။

Source: AFP, Bangkok Post