ပရီတိုးရီးယား၊ နိုဝင်ဘာ ၂၆
တောင်အာဖရိကကျန်းမာရေးဝန်ကြီးက နိုင်ငံအနှံ့အပြားတွင် လျင်မြန်စွာပျံ့နှံ့နေသော ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ သစ်ကို တွေ့ရှိရကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် ကြေညာခဲ့သည်ဟု စီအင်န်အင်န်သတင်းတစ်ပုဒ်တွင် ဖော်ပြ ထားသည်။
“အစကတော့ အစုလိုက်အပြုံလိုက် ကူးစက်ဖြစ်ပွားတဲ့ပုံစံမျိုးတချို့နဲ့ တူပေမယ့် မနေ့ကစပြီး မျိုးကွဲသစ်တစ်ခု ထပ်ထွက်လာတာကို စောင့်ကြည့်နေရတဲ့အကြောင်း မျိုးရိုးဗီဇခြေရာခံထောက်လှမ်းမှုကွန်ရက်(Network of Genomic Surveillance) က ဆေးသိပ္ပံပညာရှင်တွေ သတိပေးလာကြပါတယ်” ဟု ကျန်းမာရေးဝန်ကြီး ဂျိုးဖာ အလာက ပြောကြားခဲ့သည်။ သို့သော် အဆိုပါအသွင်ပြောင်းမျိုးကွဲပိုးသည် နောက်ထပ် ကမ္ဘာ့ မည်သည့်နေရာတွင် လတ်တလောကူးစက်နေသည်ကို မသိရသေးကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ ယင်းပိုးအမျိုးအစား ပထမဆုံးပေါ်ထွက်လာမှုကို B.1.1.529 ဟု အမည်ပေး၍ အမှတ်အသားပြုထားသည်။
၎င်းရောဂါမျိုးရိုးဗီဇကို တောင်အာဖရိကနိုင်ငံ၊ ဘော့ဆွာနာမြို့တွင် တွေ့ရှိခဲ့ရပြီး တောင်အာဖရိကမှ ဟောင် ကောင်သို့ သွားမည့်ခရီးသည်တစ်ဦးကို စမ်းသပ်ရာမှ ရလာသည့် ရလဒ်ဟု ဂျိုးဖာအလာက ဆက်လက်ပြောကြား ခဲ့သည်။
အဆိုပါ ပိုးမူကွဲသည် ပုံမှန်မဟုတ်ဘဲ မြင့်မားသော ဗီဇပြောင်းလဲမှုများရှိပြီး အဓိက စပိုက်ပရိုတင်း (spike protein) ၃၀ ကျော်ပါဝင်ကြောင်း မျိုးရိုးဗီဇဆိုင်ရာသိပ္ပံပညာရှင်များက သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ရှင်းပြခဲ့သည်။ ၎င်းတို့တိုက်ခိုက်သည့် ဆဲလ်များထဲသို့ ဗိုင်းရပ်စ်ပိုး ထိုးဖောက်ဝင်ရောက်နိုင်ရန် အစွမ်းရှိသော ဗီဇဖွဲ့စည်းပုံဖြစ်ကြောင်း ပညာရှင်များက ဆက်လက်ရှင်းပြသည်။
“ကျနော်တို့ မျှော်လင့်တာထားထက် အများကြီးမြင့်နေတဲ့ ဗီဇပြောင်းလဲမှုရှိနေပါတယ်။ အဲဒီမူကွဲအမျိုးအစား အင်မတန် လျင်လျင်မြန်မြန် ပျံ့နှံ့နေပြီးတော့ ရက်သတ္တပတ်အနည်းငယ်အတွင်း ကျန်းမာရေးစောင့်ရှောက်စနစ် အပေါ် ဖိအားတိုးလာမယ်လို့ ယူဆရပါတယ်။ ဒါကြောင့် ပြန့်ပွားလွယ်စေမယ့် အပြုအမူမျိုးတွေ ရှောင်ဖို့ ကြိုးစား ကြပါ” ဟု ကူးစက်ရောဂါတုံ့ပြန်မှုနှင့် ဆန်းသစ်တီထွင်မှုဌာန၏ ဒါရိုက်တာဖြစ်သူ ပါမောက္ခ ကျူလီယို ဒီအို လီဗီရာက အများပြည်သူကို အကြံပြုထားသည်။
ဗီဇပြောင်းလဲခြင်းသည် ကိုယ်ခံအားစနစ်ကို ရှောင်လွှဲနိုင်မှုနှင့် ဗိုင်းရပ်စ်ကူးစက်နိုင်မှုကို ပိုမိုအားပေးကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သော်လည်း ကာကွယ်ဆေးထိုးနှံထားမှုအပေါ် မည်မျှအကျိုးသက်ရောက်မည်ကိုမူ သုံးသပ်ရန်မှာ စောလွန်းနေသေးကြောင်း သိရသည်။ ယခင်မျိုးကွဲများနှင့် နှိုင်းယှဉ်ပါက ကာကွယ်ဆေး၏အာနိသင်ကို ပိုမိုတွေ့ရှိနိုင်ရန် နောက်ထပ်သုတေသနပြုဖို့ လိုအပ်နေသေးကြောင်း တာဝန်ရှိသူများက အကြောင်းပြခဲ့ကြသည်။
“ဒီမူကွဲရဲ့အနေအထားက မသေချာသေးသလို ကျနော်တို့ဆီမှာ လတ်တလောရှိတဲ့တိုက်ဖျက်ရေးလက်နက်က ကာကွယ်ဆေးတွေပဲ” ဟု ပါမောက္ခ ဒီအိုလီဗီရာက ပြောကြားခဲ့ပြီး ကာကွယ်ဆေးနှင့်ပဋိပစ္စည်းများအပေါ် ယခုမျိုးကွဲပိုးက ကျော်လွန်နိုင်မှုစွမ်းရည်ကို ဓာတ်ခွဲလေ့လာမှု ဆက်လက်လုပ်ဆောင်ရဦးမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။
ဗြိတိန်အစိုးရတာဝန်ရှိသူများကလည်း အာဖရိကတိုက်ရှိ နိုင်ငံ ၆ နိုင်ငံမှ အင်္ဂလန်သို့ ခရီးလာရောက်မှုများကို အနီရောင်အဆင့်စာရင်းထဲသို့ ထည့်သွင်းထားမည်ဖြစ်ကြောင်း ဗြိတိန်ကျန်းမာရေးလုံခြုံမှုဆိုင်ရာ အေဂျင်စီ အနေဖြင့် နှိုးဆော်ခဲ့ပြီး နောက်ထပ်ရောဂါပိုးမျိုးကွဲနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေကြောင်း ထုတ်ပြန်ခဲ့သည်။
Source: CNN