၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၅

ကိုဗစ်ကာကွယ်ဆေး လူအားလုံးနီးပါးအား နှစ်ကြိမ်တိတိ ထိုးနှံပြီးဖြစ်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဌာနချုပ်တည်ရှိရာ ပန်ခမ်း(ပန်ဆန်း)မြို့တစ်မြို့လုံးအား အာခေါင် တို့ဖတ်စစ်ဆေးရာတွင် လူအများအပြား၌ ကိုဗစ်ရောဂါပိုးတွေ့ရှိကြောင်း ပန်ခမ်းမြို့ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးဌာနမှ ဌာနမှူး ဆန်အိမ်းက CNI သတင်းဌာနသို့ပြောသည်။

“ပန်ခမ်းမြို့က အခုက မြို့ခံတွေအများကြီးတွေ့တယ်။ မြို့ကိုပိတ်ထားတယ်။ လူထုက အကုန်လုံးကလည်း ကာကွယ်ဆေးထိုးပြီးပြီ။ လူအများကြီးပဲ ၁၀ ယောက်မှာ ၁ ယောက်ရှိတယ် ရောဂါက” ဟု ပြောသည်။

COVID-19 ရောဂါ ပြန့်ပွားမှုကြောင့် ဗဟိုရောဂါကာကွယ်ထိန်းချုပ်ရေး ဦးဆောင်အဖွဲ့က နိုဝင်ဘာ ၁၀ ရက်တွင် Lockdown ချမှတ်ကာ တစ်မြို့လုံး အာခေါင်တို့ဖတ် စစ်ဆေးမှုပြုလုပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကာ ပြည်သူများ အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်ခန့်တွင် Lockdown ပြန်ဖျက်သိမ်း မည်ဟု ကြေညာခဲ့သည်။

သို့သော် ပန်ခမ်းမြို့၌ အာခေါင်တို့ဖတ်စစ်ဆေးရာတွင် နေရာအများအပြား ရောဂါကူးစက်ပျံ့နှံ့နေသည့်အတွက် နိုဝင်ဘာ ၂၄ ရက်မှ စတင်ကာ ဒီဇင်ဘာ ၂ ရက်နေ့အထိ Lockdown ကာလ ထပ်မံ တိုးမြှင့်သတ်မှတ်လိုက်ခြင်း ဖြစ်ပြီး အဆိုပါကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့မှ ရောဂါတားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်း များ ဆက်လက်ဆောင်ရွက်ရန် ထုတ်ပြန်ထားသည်။

ပန်ခမ်းမြို့တစ်မြို့လုံးအား  ယခုကဲ့သို့အာခေါင်တို့ဖတ်စစ်ဆေးခြင်းကို ဩဂုတ်လကလည်း ပြုလုပ်ခဲ့ပြီး ထိုအချိန် က လူဦးရေ စုစုပေါင်း ၅၂,၉၂၂ ဦးကို စစ်ဆေးခဲ့ရာ စစ်ဆေးမှုရလဒ်မှာ အကုန်လုံး ရောဂါပိုးမတွေ့ရှိ(negative) ခဲ့ရကြောင်း သိရသည်။

“ဝ” ကိုယ်ပိုင်ချုပ်ချုပ်ခွင့်ရဒေသတွင် မေလကတည်းက တရုတ်အစိုးရ အကူအညီဖြင့် ကိုဗစ် ကာကွယ်ဆေးထိုးနှံ ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ရာ ဇွန်လတွင် လူ အားလုံးနီးပါးကို ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပေးထားပြီး ဖြစ် သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း (ပန်ခမ်း)မြို့နယ် ခြောက်ခုအား ခရိုင်နှစ်ခုဖွဲ့ကာ “ဝ” ကိုယ်ပိုင်ချုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးထား သည်။