၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၂
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရန်အတွက် မြန်မာဘက်မှ မြို့နယ်လေးမြို့နယ်အား COVID-19 ကင်းစင်နယ်မြေဖြစ်ရန် တရုတ်ဘက်မှ တောင်းဆိုထားကြောင်း သိရသည်။
မူဆယ်၊ နမ်းခမ်း၊ ပန်ဆိုင်း (ကြူကုတ်) နှင့် မုံးကိုးမြို့တို့တွင် ကိုဗစ်ရောဂါကင်းစင်မှသာ မူဆယ်မြို့နှင့် ထိစပ်နေသည့် နယ်စပ်ဂိတ်များအား တရုတ်ဘက်မှ ပြန်လည်ဖွင့်ရန် လုပ်ဆောင်နေသည်ဟု သိရသည်။
လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေးကွန်ရက်ဥက္ကဋ္ဌ ဦးဌေးက “တရုတ်ကတော့ တောင်းဆိုတာပေါ့။ လူတိုင်းကာကွယ်ဆေးထိုးရမယ်။ ပြီးလို့ရှိရင် ၁၀၅ မိုင်မှာ ကုတင်တစ်ထောင်လည်း လုပ်ထားပြီဆိုတော့ အဓိကက ကိုဗစ်ကူးစက်မှုမရှိဘူးဆိုရင်တော့ ဖွင့်ဖို့ဆိုတာထက် ရှန်တိန်ယာဉ်မောင်းနဲ့ သွားဖို့ပဲကြိုးစားရမှာပဲ။ ဖွင့်ဖို့ဆိုတာကတော့ ကုန်သွယ်မှုပြန်ဖွင့်တာပဲရှိမယ်။ ဟိုလိုမျိုးကြီး လူတွေဝင်ထွက် သွားလာလို့ရတဲ့ အနေအထားတော့မဟုတ်ပါဘူး။ သူတို့ဘက်ကတော့ ကိုဗစ်ဖြစ်တယ်ဆိုတာနဲ့ ထိန်းချုပ်နိုင်တာကိုး။ လော့ဒ်ဒေါင်းချက်ချင်းချနိုင်တယ်။ supporting ကောင်းတယ်။ နည်းပညာလည်း ဟိုဟာဖြစ်တယ် ဆိုတော့ သူတို့ဘက်ကတော့ မပျံ့ပွားအောင် ချက်ချင်းထိန်းချုပ်နိုင်တာမျိုးတွေရှိပါတယ်” ဟု CNI သတင်းဌာန သို့ ပြောသည်။
လက်ရှိတွင် ထိုမြို့နယ်များ၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအနေအထားသည် လူဦးရေအများစုအား ထိုးနှံထားပြီး ဖြစ်ကာ ကူးစက်မှုနှုန်းမှာလည်း ကျနေပြီဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ယူနန်ပြည်နယ် တယ်ဟုန်တိုင်းအစိုးရ ရွှေလီမြို့တော်ဝန်ဦးဆောင်သော အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ မူဆယ်ခရိုင်တာဝန်ရှိသူများ၊ နယ်စပ်ကုန်သွယ်ရေးတာဝန်ရှိသူများ၊ မူဆယ်မြို့နယ် တာဝန်ရှိသူများပါဝင်သည့်အဖွဲ့နှင့် အွန်လိုင်းဆွေးနွေးမှုကို နိုဝင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် တရုတ်ဘက်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျင်စန်းကျော့ဂိတ်အား စမ်းသပ်ကာလ ၃ ရက်ဖြင့် ယနေ့စဖွင့်
မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက “မူဆယ်ပတ်ဝန်းကျင်မှာရှိတဲ့ မြို့နယ်လေးမြို့နယ်မှာ ကိုဗစ်ရောဂါပိုးကင်းစင်ပြီဆိုရင် အခြားဂိတ်တွေပါ ဖွင့်မှာပဲ။ နမ်းခမ်းဂိတ်တို့၊ နမ်းခမ်းမှာလည်း ဂိတ်ရှိတယ် အဝင်အထွက်တွေ။ ချင်းရွှေဟော်ဂိတ်တွေရှိတယ်၊ မုံးကိုးဂိတ်တွေရှိတယ်၊ ဝမ်တိန်ဂိတ်တွေရှိတယ်၊ မူဆယ် ဂိတ်တွေရှိတယ်။ အဲ့ဂိတ်တွေဖွင့်ပေးမယ့်သဘောပေါ့။၊ လောလောဆယ်ကတော့ ကျင်စန်းကျော့တစ်ဂိတ်ကိုပဲ ဖွင့်ပေးဦးမှာ”ဟု CNI သို့ပြောသည်။
လက်ရှိတွင် ကျင်စန်းကျော့ဂိတ်တစ်ခုတည်းကိုသာ ယနေ့(နိုဝင်ဘာ ၂၂ရက်) မှ စတင်ကာ စမ်းသပ်ကာလ ၃ ရက်ဖြင့် ပြန်လည်ဖွင့်လှစ်နေပြီး အောင်မြင်ပါက နိုဝင်ဘာ ၂၅ ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် စမ်းသပ်ကာလတွင် ကွန်တိန်နာနှစ်စီးသာ အဝင်အထွက် ကုန်သွယ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာပြည်ဘက်မှ သယ်လာသည့် ကုန်ပစ္စည်းများအား ကျင်စန်းကျော့ဂိတ်တွင် ကွန်တိန်နာဘောက်စ်ထဲသို့ ပြောင်းထည့်ကာ ထို ကွန်တိန်နာဘောက်စ်ဖြင့်သာ တရုတ်နိုင်ငံဘက်သို့ ဝင်ရမည်ဖြစ်ကာ ယင်းသို့ ကွန်တိန်နာ အသုံးပြု၍သာ ကုန်သွယ်ရမည်ဖြစ်သည့်အတွက် ကုန်ကျစရိတ်မှာ ယခင်ကထက်များနိုင်ကြောင်းနှင့် ကုန်သွယ်ရာတွင် ကုန်ပစ္စည်းများအား ကန့်သတ်ထားခြင်းမရှိကြောင်း သိရသည်။
“ဒါလည်းကောင်းပါတယ် ဒီလိုလုပ်တာကတော့။ ဒါပေမယ့် ကွန်တိန်နာနဲ့သွားမယ်ဆိုရင်တော့ ကုန်ကျစရိတ်တွေ ပိုလာတာပေါ့။ အဲ့ကိစ္စတွေကတော့ နည်းနည်းလေးဘဝင်မကျဘူး။ ဒါပေမယ့် လုံးဝပိတ်ထားတာထက်စာရင် တော်သေးတာပေါ့” ဟု ဦးမင်းသိန်း က ပြောသည်။
တရုတ်နိုင်ငံဘက်မှ ကိုဗစ်-၁၉ အကြောင်းပြချက်ဖြင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များအား ဇူလိုင်လ ၈ ရက်နေ့ ကတည်းက ပိတ်ထားခြင်းဖြစ်ကာ လေးလကျော်ကြာမြင့်နေပြီဖြစ်သည်။
မူဆယ်မြို့ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်စခန်းတွင် ၂၀၁၉ - ၂၀၂၁ ဘဏ္ဍာနှစ်၌ ပို့ကုန်၊ သွင်းကုန် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၈၉၀ ဒသမ ၅၇၈ သန်း ရှိခဲ့ရာမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်(ယာယီ)၌ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၀၅၇ ဒသမ ၀၄၄ သန်းရှိခဲ့ခြင်းကြောင့် ဘဏ္ဍာနှစ်အလိုက် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၈၃၃ ဒသမ ၅၃၄ သန်း လျော့ကျလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။