ဗီယင်နာ၊ နိုဝင်ဘာ ၂၁
ဥရောပတိုက်အလယ်ပိုင်းရှိ ဩစတြီးယားနိုင်ငံတွင် မနက်ဖြန် နိုဝင်ဘာ ၂၂ ရက် (တနင်္လာနေ့)မှစတင်၍ ကိုဗစ်ကူးစက်ရောဂါဆိုင်ရာ နိုင်ငံတဝန်း lockdown ချမည်ဟု တကျော့ပြန်ကြေညာပြီးနောက် လက်ယာ အစွန်းရောက် အများစုပါဝင်သည့် ထောင်နှင့်ချီသောဆန္ဒပြသူများသည် နိုဝင်ဘာ ၂၀ ရက်တွင် မြို့တော် ဗီယင်နာသို့ ချီတက်ခဲ့ကြကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
ဆွစ်ဇာလန်၊ ခရိုအေးရှား၊ အီတလီ၊ မြောက်အိုင်ယာလန်နှင့် နယ်သာလန်နိုင်ငံတို့တွင် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်များကို ဆန့်ကျင်သည့်ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ နယ်သာလန်နိုင်ငံ၊ ရော့တာဒမ်မြို့တွင် ရုန်းရင်းဆန်ခတ်မှု၌ ဒတ်ချ်ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ရာ လူ ၇ ဦး ဒဏ်ရာရခဲ့သည်။ ဥရောပနိုင်ငံအများအပြားတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်ပြသနိုင်မှသာ စားသောက်ဆိုင်များ၊ ခရစ္စမတ်ဈေးတန်းများသို့ ဝင်ရောက်ခွင့်ပြုမည်ဟု ကန့်သတ်ချက်များ ချမှတ်ခဲ့သည့်အတွက် မကျေမနပ်မှုများ တိုးပွားလာခဲ့သည်။
မကြာသေးမီ ရက်သတ္တပတ်များအတွင်း ကူးစက်ရောဂါကြောင့် နေ့စဉ်ပျမ်းမျှသေဆုံးမှု များပြားလာသဖြင့် ဩစတြီးယားနိုင်ငံတွင် ကန့်သတ်ချက်များကို နိုဝင်ဘာ ၂၂ ၌ စတင်မည်ဖြစ်ပြီး ကူးစက်မှုပြင်းထန်နေသော ပြည်နယ်များရှိ ဆေးရုံများတွင် အထူးကြပ်မတ်ကုသရေးဌာနများကို စွမ်းဆောင်ရည်ပြည့်မီအောင် တပ်လှန့် နှိုးဆော်ထားသည်။ lockdown သည် အနည်းဆုံး ၁၀ ရက်ကြာလိမ့်မည်ဖြစ်သော်လည်း အခန့်မသင့်လျှင် ရက် ၂၀ အထိကြာသွားနိုင်ကြောင်း အစိုးအရာရှိများက ပြောသည်။ လူအများစုသည် နေအိမ်ပြင်ပသို့ ကုန်ခြောက်ဝယ်ခြင်း၊ ဆရာဝန်ထံသွားရောက်ခြင်း (သို့မဟုတ်) ကာယလေ့ကျင့်ခန်းလုပ်ခြင်းစသည့် တိကျသောအကြောင်းပြချက်များ ဖြင့်သာ ထွက်ခွာနိုင်မည်ဖြစ်သည်။
အစိုးရက လာမည့်နှစ် ဖေဖော်ဝါရီ ၁ ရက်ကျမှသာ ကာကွယ်ဆေး မဖြစ်မနေထိုးပေးနိုင်မည်ဖြစ်သည်။ ဩစတြေးယားနိုင်ငံ၏ လူဦးရေ ၈ ဒသမ ၉ သန်း၏ ၆၆ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအပြည့်အဝ မထိုးရ သေးသဖြင့် အနောက်ဥရောပနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ထိုးနှံနိုင်မှုနှုန်း အနိမ့်ဆုံးဖြစ်နေသည်။
နိုဝင်ဘာ ၂၀ ရက် ချီတက်ပွဲသည် ဗီယင်နာမြို့ရှိ ကျယ်ပြန့်သော ဟဲဒန်ပလာ့ဇ် (Heldenplatz) ရင်ပြင်မှ စတင် ခဲ့သည်။ “တွန်းလှန်ကြ” ဟူသော ကြွေးကြော်သံများ၊ ဝီစီမှုတ်သံများဖြင့် ဆန္ဒပြသူများသည် မြို့တွင်းရှိ ကွင်းပတ် လမ်းအတိုင်း ချီတက်ခဲ့ကြသည်။ အများစုက ဩစတြီးယားအလံများကိုင်၍ ဝှေ့ယမ်းပြီး နိုင်ငံအကြီးအကဲ အလက်ဇန္ဒားစကယ်လန်ဘတ်နှင့် ကျန်းမာရေးဝန်ကြီး တို့ကို လှောင်ပြောင်သည့် ဆိုင်းဘုတ်များ ကိုင်ဆောင် လာကြသည်။
အလားတူ အီတလီနိုင်ငံတွင်လည်း လူ ၃၀၀ဝ ခန့်ပါဝင်သည့် ဆန္ဒပြမှုဖြစ်ပွားခဲ့ရာ ရှေးခေတ်ရောမလူမျိုး၏ ပွဲလမ်းသဘင်ကျင်းပရာ ရောမမြို့တော်ရှိ ဆပ်ကပ်မက်စီမတ်စ်နေရာတွင် စုဝေးခဲ့ကြသည်။ အလုပ်ခွင်၊ စားသောက်ဆိုင်၊ ရုပ်ရှင်ရုံ၊ အားကစားကွင်းနှင့် အားကစားခန်းမများ၊ ခရီးဝေးရထားနှင့်ဘတ်စ်ကားတို့တွင် ကာကွယ်ဆေးထိုးနှံပြီးကြောင်း Green Pass သက်သေခံလက်မှတ်ပြသနိုင်မှ ခွင့်ပြုမည့်ကိစ္စအပေါ် ဆန္ဒပြ ခဲ့ကြသည်။
ထို့ပြင် မြောက်အိုင်ယာလန်တွင်လည်း ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်ကို ဆန့်ကျင်သည့် ရာနှင့်ချီသော လူစုလူဝေးက ဆန္ဒပြခဲ့ကြသည်။ မြောက်အိုင်ယာလန်အစိုးရသည် လာမည့်ဒီဇင်ဘာ ၁၃ ရက်မှစတင်၍ နိုက်ကလပ်များ၊ ဘားများနှင့် စားသောက်ဆိုင်များသို့ ဝင်ခွင့်အတွက် ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ် များကို စတင်ကန့်သတ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ခရိုအေးရှားနိုင်ငံတွင်လည်း ထောင်နှင့်ချီလူစုလူဝေးဖြစ်ပေါ်ခဲ့ပြီး ၎င်းတို့က ဇာဂရက်မြို့တော်တွင် စုရုံးလျက် အလံများ၊ အမျိုးသားရေးဝါဒများ၊ ဘာသာရေးဆိုင်ရာသရုပ်လက္ခဏာများ ကိုင်ဆောင်လျက် ကာကွယ်ဆေး ထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်များသည် လူသားဘဝလွတ်လပ်ခွင့်များကို ကန့်သတ်ချက်များအဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
Source: AP