ရော့တာဒမ်၊ နိုဝင်ဘာ ၂၀
နယ်သာလန်(ဒတ်ချ်)နိုင်ငံ၊ ရော့တာဒမ်မြို့တွင် Covid-19 ဆိုင်ရာကန့်သတ်ချက်များကို ဆန့်ကျင်သည့် ဆန္ဒပြပွဲ များအတွင်း ဆန္ဒပြသူအချို့က ရဲကားကို မီးရှို့ခြင်း၊ ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်းတို့ကြောင့် နယ်သာလန် ရဲတပ်ဖွဲ့က သတိပေးပစ်ခတ်ခဲ့ရာ လူအများအပြားဒဏ်ရာရရှိသွားကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက နိုဝင်ဘာ ၂၀ ရက် (ယနေ့)တွင် ရေးသားဖော်ပြသည်။
မကြာသေးမီက ထပ်မံချမှတ်ခဲ့သော ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ချက်များကို ဆန့်ကျင်သည့် ရော့တာဒမ်မြို့ ဆန္ဒပြပွဲသည် အစိုးရက ကာကွယ်ဆေးမထိုးရသေးသူများအတွက် နေရာအချို့သို့ ဝင်ရောက်ခွင့် ကန့်သတ်ရန် စီစဉ်နေခြင်းကြောင့် ပေါ်ပေါက်လာခဲ့ရသည်။
ရော့တာဒမ်မြို့၏ အဓိကလူစည်ကားရာ ဈေးဝယ်လမ်းတလျှောက် ညအချိန်၌ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ လူဆယ်ဂဏန်းခန့် ဖမ်းဆီးခံခဲ့ရပြီး ရဲအရာရှိများအပါအဝင် ၇ ဦး ဒဏ်ရာရရှိသွားခဲ့သည်။
နယ်သာလန်နိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်က ကူးစက်ရောဂါ ကန့်သတ်ချက်များကို ပြန်လည်ချမှတ်ခဲ့သည်။ စားသောက်ဆိုင်များ၊ ဈေးဆိုင်များနှင့် စုပေါင်း အားကစားပြုလုပ်ခြင်းတို့အပေါ် သက်ရောက်မှုရှိသည့် အဆိုပါ ကန့်သတ်ချက်များသည် နောက်ထပ် သီတင်းပတ် ၃ ပတ်အထိ ဆက်လက်ထားရှိမည်ဟု မျှော်လင့်ရသည်။
ရော့တာဒမ်မြို့တော်ဝန် အာမက်အဘူတာလက်က အဆိုပါဖြစ်ပွားမှုကို အကြမ်းဖက်မှုအဖြစ် သတ်မှတ်ခဲ့သည်။
“ရဲတွေက သူတို့ကိုယ်ကို ခုခံကာကွယ်ဖို့ နောက်ဆုံးအခြေအနေမှာ လက်နက်သုံးစွဲဖို့ လိုအပ်လာတယ်လို့ ခံစားလာရတယ်” ဟု ၎င်းက သတင်းထောက်များကို ရှင်းပြသည်။
ကူးလ်စင်ဂယ် လမ်းပေါ်တွင် စတင်ခဲ့သော ဆန္ဒပြမှုသည် အဓိကရုဏ်းအသွင် ဖြစ်ပေါ်ခဲ့ကြောင်း နယ်သာလန် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
“နေရာအတော်များများမှာ မီးရှို့တာတွေဖြစ်တယ်။ ဒါကြောင့် မီးရှူးမီးပန်းတွေကို တားဆီးပြီး ရဲတပ်ဖွဲ့က သတိပေးတဲ့အနေနဲ့ ခြောက်လှန့်ပစ်ခတ်ခဲ့ရပါတယ်” ဟု ရဲတပ်ဖွဲ့ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
“ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်” ဟု ၎င်းထုတ်ပြန်ချက်ထဲတွင် ဆက်လက်ဖော်ပြသည်။
ရာနှင့်ချီသောဆန္ဒပြသူများသည် “လွတ်လပ်မှုရရှိရေး” အပါအဝင် ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြပြီး ရဲနှင့်မီးသတ်သများကို ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ခြင်း၊ လျှပ်စစ်သုံး စကူတာယာဉ်များကို မီးရှို့ခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။ ရဲတပ်ဖွဲ့က လူစုလူဝေးကို ဖြိုခွင်းရန် မီးသတ်ပိုက်များ အသုံးပြုခဲ့သည်။
Source: Aljazeera