CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၉

အီတလီ အသင်းဟာ မြောက်မက်ဆီဒိုးနီးယား အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အဝတ်လဲခန်းကို ညစ်ပတ် ရှုပ်ပွအောင် ဆိုးရွားစွာလုပ်ခဲ့ပြီးနောက် အသင်းဗဟိုနောက်ခံလူ ဘိုနူချီ က တောင်းပန်လိုက်ရပါတယ်။

ယူရိုချန်ပီယံ အီတလီ အသင်းဟာ မြောက်မက်ဆီဒိုးနီးယား အသင်းကို အံအားသင့်ဖွယ် အရေးနိမ့်ပြီး (၂)ကြိမ်ဆက် ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရတာပါ။ ပါလာမိုရှိ ရမ်ဇိုဘာဘီရာ အားကစားကွင်းရဲ့ အီတလီ အသင်း အသုံးပြုခဲ့တဲ့ အဝတ်လဲခန်းက အခြေအနေကို လူအများအပြားက မြင်တွေ့ခဲ့ပြီးနောက် ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ခံခဲ့ရတာဖြစ်ပါတယ်။အီတလီ အသင်း အဝတ်လဲခန်းကနေ ထွက်သွားခဲ့ပြီးနောက် ပုလင်းတွေ၊ အစားအသောက် စွန့်ပစ်ပစ္စည်းတွေနဲ့ စီးကရက်ဘူးတွေပြန့်ကျဲနေတာကို တွေ့မြင်ခဲ့ရတာပါ။

ဘိုနူချီ ကတော့ တူရကီနဲ့ ကစားရမယ့် ခြေစမ်းပွဲမတိုင်ခင် ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး ပြန်လည်တောင်း ပန်ခဲ့တာဖြစ်ပါတယ်။ ဘိုနူချီ က “ဒါဟာ ကြီးမားတဲ့အမှားပါ။နောက်တစ်ကြိမ်မှာ ဒီလိုမဖြစ်အောင် ကျနော်တို့ ပိုပြီးတော့ အာရုံစိုက်ပါမယ်။ ကျနော်တို့ အလွန်စိတ်ပျက်ခဲ့ပါတယ်။ ဒီအသေးစိတ်အချက်အလက်တွေ က တခါတလေမှာ ခြားနားသွားတယ်လို့ ကျနော်တို့မထင်မိပါဘူး။ နောက်ပွဲတွေမှာ ပိုပြီး အာရုံစိုက်သွားပါမယ်။ ကျနော်တို့တောင်းပန်ပါတယ်”လို့ ပြောခဲ့ပါတယ်။

အီတလီဝါရင့်နောက်ခံလူ ဘိုနူချီ က ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့််ဆုံးရှုံးခဲ့ပြီးနောက် ပလေးအောဖ့် လုပ်ငန်းစဉ်တွေကို ဝေဖန်မှုတွေပြုလုပ်ခဲ့ပါတယ်။ “ပွဲတစ်ပွဲတည်းနဲ့ အရာအားလုံးကို ဆုံးဖြတ်လိုက်တာဟာ အဓိပ္ပါယ်မရှိတဲ့ စည်းမျဉ်းပါပဲ။ ကျနော်တို့ ဒီကိုလာပြီး အိမ်ကွင်းမှာရော အဝေးကွင်းမှာပါ ပွဲတွေကစားတယ်။ ပြီးတော့ ဒီလိုပဲ ပြီးဆုံးသွားခဲ့ပါတယ်။(၄)ပွဲ ဒါမှမဟုတ်(၅)ပွဲ လောက်ရှုံးထားတဲ့ တခြားဇုန်က အသင်းတွေတောင် ကမ္ဘာ့ဖလားဝင်ခွင်ရခဲ့တယ်။ဒီပုံစံအသစ်က တကယ်ကို စိတ်ပျက်ဖို့ကောင်းတယ်”လို့ ပြောခဲ့တာပါ။

အသက်(၃၄)နှစ်အရွယ်ရှိ ဘိုနူချီ ဟာ တောင်အမေရိကဇုန်မှာ (၆)ပွဲအရေးနိမ့်ထားပေမယ့် ခြေစစ်ပွဲ အောင်မြင်တဲ့ ဥရုဂွေးနဲ့ အီကွေဒေါ တို့ကို ရည်ညွှန်းတာဖြစ်နိုင်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

Source:TheSun