CNI International News

ရောမ၊ အောက်တိုဘာ ၂၃

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ (Giorgia Meloni) ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သည့် တစ်နှစ်ပြည့် နှစ်ပတ်လည်တွင် အီတလီနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားနည်းခြင်း၊ ကြွေးမြီမြင့်တက် ခြင်း အစရှိသည့် ပြဿနာများနှင့် ရင်ဆိုင်နေရသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။ 

အီတလီ၏ သမိုင်းကြောင်းတွင် ပထမဆုံးအကြိမ် အမျိုးသမီး ဦးဆောင်သည့် အစိုးရအဖွဲ့ဖြစ်သည့် မယ်လိုနီ၏ ညွန့်ပေါင်းအစိုးရသည် ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီးနောက် အာဏာရလာခဲ့သည်။

ထို့ပြင် အီတလီတွင် ဒုတိယကမ္ဘာစစ်က အာဏာရှင် ဘီနင်တို မူဆိုလီနီ (Benito Mussolini) ၏ အစိုးရအဖွဲ့ နောက်ပိုင်း မယ်လိုနီ၏ အစိုးရအဖွဲ့သည် လက်ယာစွန်း အရောက်ဆုံး အစိုးရအဖွဲ့အဖြစ် ရှုမြင်ခံခဲ့ရသည်။ 

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီနဲ့ ဘိုင်ဒန်ကို တွေ့ရစဉ်

အဘယ်ကြောင့်ဆိုသော် မယ်လိုနီ၏ Brothers of Italy ပါတီသည် ဖက်ဆစ်ခေတ်လွန် Italian Social Movement (MSI) ကို အခြေခံပြီး ဖွဲ့စည်းခဲ့ခြင်းကြောင့် ဖြစ်သည်။ 

ထို့ကြောင့် မယ်လိုနီ၏ အစိုးရအဖွဲ့သည် အစွန်းရောက်မှု ရှိနိုင်သည်ဆိုသည့် ပြည်ပနိုင်ငံများ၏ စိုးရိမ်မှုများကို လျော့ပါး သက်သာစေရန် ကြိုးပမ်းနေရပြီး အနောက်နိုင်ငံလိုလားပြီး ဥရောပသမဂ္ဂနှင့် ဆက်ဆံရေး ကောင်းမွန် စေရန် လုပ်ဆောင်လျက်ရှိသည်။ 

"ကျမတို့ဟာ ပြည်သူတွေရဲ့ ယုံကြည်မှုကို ရရှိအောင် မနားမနေ လုပ်ဆောင်နေပြီး မတူကွဲပြားတဲ့ အီတလီနိုင်ငံကို ထူထောင်ဖို့ ကြိုးပမ်းခဲ့ပါတယ်" ဟု မယ်လိုနီက ယခုသီတင်းပတ်အတွင်း မိန့်ခွန်း ပြောကြားခဲ့သည်။ 

ဂျော်ဂျီယာ မယ်လိုနီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ကိုတွေ့ရစဉ်

သို့သော် COVID-19 ကပ်ရောဂါမှ နာလန်ပြန်ထူရန် ကြိုးပမ်းနေသည့် အီတလီ၏ စီးပွားရေး အခြေအနေသည် နှေးကွေးနေပြီး ယခုနှစ် ဒုတိယ သုံးလပတ်ကာလတွင် ပြည်တွင်း ဂျီဒီပီသည် ၀ ဒသမ ၄ ရာခိုင်နှုန်း ကျုံ့သွားခဲ့ သည်။ 

ထို့ပြင် အီတလီ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၂၀၂၄ ခုနှစ်တွင် ဥရောပဇုန်အတွင်း အနိမ့်ဆုံးအဆင့်အထိ ကျဆင်းသွားဖွယ် ရှိသည်ဟုလည်း စီးပွားရေးကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။ 

"အီတလီအစိုးရအတွက် စီးပွားရေးပြဿနာဟာ အခက်ခဲဆုံး ဖြစ်လာပါလိမ့်မယ်။ အစိုးရဟာ ဒီပြဿနာကို ဖြေရှင်းဖို့ ထိရောက်တဲ့ အစီအစဉ် မရှိသေးပါဘူး" ဟု ရောမမြို့ရှိ LUISS တက္ကသိုလ်မှ စီးပွားရေးပါမောက္ခ တစ်ဦး ဖြစ်သူ ဗလန်တီနာ မယ်လီစီယန်နီ (Valentina Meliciani) က ပြောကြားခဲ့သည်။

Source: ရိုက်တာ