CNI News

မြန်မာနိုင်ငံတွင် PJ(Passport for Job)၊ PS(Passport for Seamen) နိုင်ငံကူးလက်မှတ် စာအုပ်များအား သက်တမ်းတိုးလိုသူများ အခွန်ကင်းရှင်းကြောင်း လျှောက်ထားရာတွင် ကြိုတင်ဝင်ငွေခွန်အား ၆ လစာ ပေးဆောင် ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ CNI သတင်းဌာနသို့ ပြောသည်။

PJ၊ PS နိုင်ငံကူးလက်မှတ် စာအုပ်များအား သက်တမ်းတိုးမည့် သူများအနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနရုံးမှ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြနိုင်မှသာ သက်တမ်းတိုး လုပ်ငန်းစဉ်အား ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့မှ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ထိုသို့ အခွန်ကင်းရှင်းကြောင်း လျှောက်ထားရာတွင် သွားရောက်မည့် နိုင်ငံမှရရှိမည့် အနိမ့်ဆုံးလုပ်ခလစာ နှုန်းထားကို အခြေခံပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ၆ လစာကို ၂ ရာခိုင်နှုန်းဖြင့် တွက်ချက်ပြီး ကြိုတင်ဝင်ငွေခွန် ပေးဆောင်သွားရမှာဖြစ်ကြောင်း အခွန်ဆိုင်ရာဝန်ဆောင်မှု ဗဟို အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ပြည်တွင်းအခွန်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်

၎င်းက “အခုရက်ပိုင်းအတွင်းမှာ ပတ်စပို့ သက်တမ်းတိုးရုံးက သက်တမ်းလာတိုးတဲ့သူတွေကို PJ၊ PS ပေါ့နော် အဓိက ကတော့။ အဲဒီကောင်တွေကို ကင်းရှင်းကြောင်း ထောက်ခံချက် လိုတယ်ဆိုပြီးတော့ တောင်းတာလေ။ လောလောဆယ်တော့ သက်တမ်းတိုးတယ်ဆိုရင် ပတ်စပို့ရုံးက ကင်းရှင်းကြောင်း ထောက်ခံချက်လိုတယ်လေ။ အဲဒါကို တောင်းတယ်။ အဲဒါတွေရမှဆိုတော့ အဲဒါတွေလျှောက်ပြီး ယူမှ တိုးပေးမှာကို။ အသေးစိတ်ကတော့ အခုဟာက ဝန်ကြီးဌာန ၃၊ ၄ ခုလောက် ညှိရတာကို။ ညှိရတာဆိုတော့ အဲဒါမပြတ်သေးဘူး။ အကုန်လုံးတော့ ဆက်တော့လုပ်နေတယ် ညှိနေတယ်။ တချို့ဆိုရင် PJ ကနေ PV ပြောင်းတာတွေဘာတွေ မျိုးစုံရှိတာကို။ တချို့ ဆိုရင်လည်း အခြေခံလစာ သတ်မှတ်လို့ မရသေးတဲ့ နိုင်ငံတွေလည်း ရှိတယ်။ အဲဒါဆိုရင် ဘယ်လိုယူရမှာလဲ မျိုးစုံပေါ့။ ဝန်ကြီးဌာနတွေ ညှိတုန်း။ ညှိပြီးတော့ အသေးစိတ်တော့ ထွက်လာမှာပါ”ဟု ပြောသည်။

အခွန်ကင်းရှင်း‌ကြောင်း ထောက်ခံချက်ယူရာတွင် မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ ပြည်ပအလုပ်ခေါ်စာ၊ သင်္ဘော သားဖြစ်ပါက အလုပ်အတွက် ချုပ်ဆိုထားသည့် စာချုပ်၊ လစာအတွက် သ‌ဘောတူထားသည့် အထောက်အထား စသည်တို့ကို ပူးတွဲတင်ပြရမှာဖြစ်ပြီး အခွန်ရုံးမှ ထုတ်ပေးသည့် လျှောက်လွှာပုံစံကို ဖြည့်စွက် တင်ပြပေးရမှာ ဖြစ်သည်။ 

ထိုသို့ ထောက်ခံချက်ယူရာတွင် လိုအပ်သည့် အချက်အလက် စာရွက်စာတမ်းများ အားလုံးပြည့်စုံပါက အချိန် ကာလအားဖြင့် ၂ ရက်ခန့်သာ ကြာမြင့်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်မှ လစာ မရသေး သူအား အခွန်ကောက်ခံခြင်းသည် လက်တွေ့မဆန်ကြောင်း၊ သင်္ဘောသားများ၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းရှိမှသာ အလုပ်လျှောက်ထားမှုကို အလုပ်ရှင်နှင့် SRPS(Seafarer Recruitment and Placement Service) မှ လက်ခံသောကြောင့် လစာနှုန်းထား မည်ကဲ့သို့ ရရှိမည်ကို ကြိုတင်ခန့်မှန်းမရကြောင်း ထုတ်ပြန်ထား သည်။

ထို့အပြင် နိုင်ငံအလိုက် လစာပေးသည့် ပုံစံချင်း မတူညီသောကြောင့် ၎င်းအချက်များကိုလည်း ထည့်သွင်း စဉ်းစားသင့်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ထောက်ပြကြသည်။

နိုင်ငံကူး လက်မှတ်လုပ်ရန် စောင့်နေကြသူများကို တွေ့ရစဉ်

ယခုကဲ့သို့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန်အတွက် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ယူခိုင်းရာတွင် ပွဲစားများ၏ အခန်းကဏ္ဍမှာ ပို၍ပါဝင်ပတ်သက် လာဦးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ စိုးရိမ်တာကတော့ ပွဲစားတွေ အများကြီးပေါ်လာမှာကို စိုးရိမ်တယ်။ ဥပမာ ကိုရီးယားကို သွားချင်တယ်။ ဂျပန်ကိုသွားချင်တယ်။ ထိုင်းကို သွားချင်တယ်ဆိုတော့ ပတ်စပို့စာအုပ် အသစ်လုပ်ချင်တယ်။ ဒါပေမယ့် အစိုးရကတော့ ဒီစာရွက် ဒီစာရွက်တွေပါလာမှ မင်းကိုသက်တမ်းတိုးပေးမယ်။ သက်တမ်းတိုးပေးမယ် ဆိုတော့ စာရွက်စာတမ်းတွေက တကယ်ရော အစစ်ဟုတ်လို့လား။ အဲဒီဟာကို အကြောင်းပြပြီးမှ အေဂျင်စီတွေက ပိုပြီးတော့ ပိုက်ဆံတောင်းလာမှုလည်း များလာနိုင်တယ်။ အေဂျင်စီတွေက အိုခေ မင်းမှာ ဒီစာရွက်စာတမ်းတွေ မပါလည်း ပြဿနာမရှိဘူး ဒီလိုဆိုရင် ငါ့ကို ပိုက်ဆံဘယ်လောက် ပေးရမယ်။ ပွဲစားတွေကလည်း ဒီအတိုင်း ပေါ်လာမှာပဲ။ ဆိုလိုတာက ပွဲစားလမ်းကြောင်း၊ အေဂျင်စီလမ်းကြောင်းတွေကို ပိုပြီး ပိုက်ဆံတောင်းလို့ရတဲ့ နည်းလမ်းကို လုပ်လိုက်တဲ့ပုံစံမျိုးပဲလို့ သုံးသပ်လို့ရတယ်” ဟု ပြောသည်။

PJ၊ PS နိုင်ငံကူးလက်မှတ် စာအုပ်များအား သက်တမ်းတိုးမည့် သူများအနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနရုံးမှ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တောင်းခိုင်းခြင်း၊ ကြိုတင်ဝင်ငွေခွန်အဖြစ် ၆ လစာ ဆောင်ရမည့် ကိစ္စများ ကြောင့် အိမ်နီးချင်းနိုင်ငံနှင့် အခြားဝင်ရောက်ရ လွယ်ကူသည့် နိုင်ငံများသို့ တရားမဝင် ခိုးဝင်မှု ပို၍ များပြားလာ နိုင်ကြောင်းလည်း သုံးသပ်ကြသည်။