CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၃

အလုပ်သမားဝန်ကြီးဌာနသည် ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများ၏ လိုင်စင်အာမခံကြေး အား ယခင်နှုန်းထားထက် ၃ ဆခန့် တိုးမြှင့်ကောက်ယူရန် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) သို့ သဘောထားတောင်းခံထားကြောင်း အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။

ကောက်ခံမည့်နှုန်းထားများမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီ လိုင်စင်များအနေဖြင့် အာမခံကြေး ကျပ်သိန်း ၂၅၀ အစား ကျပ်သိန်း ၁၀၀၀ ဖြစ်ပြီး ပြည်ပအလုပ်အကိုင်အကျိုးဆောင်(ထိုင်း)လိုင်စင်အတွက် အာမခံကြေး ကျပ်သိန်း ၅၀ အစား ကျပ်သိန်း ၂၀၀ ဖြစ်ကြောင်း သိရသည်။

ထိုပမာဏသည် များပြားလွန်းသည့်အတွက် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF)နှင့် အလုပ်သမားဝန်ကြီးဌာနတို့ ညှိနှိုင်းသွားရန်ရှိကြောင်း လပ်ကီးပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

 “လိုင်စင်ရ အေဂျင်စီအားလုံးရော အသစ်ရော အဟောင်းရော အကုန်သွင်းရမှာ။ အဟောင်း၊ အသစ် မခွဲထားဘူး။ သူတို့က အကြမ်းဖျင်း ဒီဘက်ကို စာပို့ထားတာပေါ့။ အဲဒီအပေါ်မှာ MOEAF ကနေ အစည်းအဝေးခေါ်ပြီး ညှိနှိုင်းလို့ ရသလောက် ညှိနှိုင်းပေးပါလိမ့်မယ် သူ့အသင်းသားတွေအတွက်ကို။ ဘယ်လောက်ပေးမယ်ဆိုပြီး သတ်မှတ်တာ ကတော့ ဒါကတော့ ဝန်ကြီးဌာန အဆုံးအဖြတ်နဲ့ အဖွဲ့အဝင်တွေရဲ့ အဆုံးအဖြတ်ပဲပေါ့ နှစ်ဖက်ညှိနှိုင်းပြီးတော့။ မပေးဘူးဆိုတာတော့ မဟုတ်ပါဘူး။ တတ်နိုင်သ‌လောက်လေးပေးမယ်၊ အချိန်ဘယ်လောက်အတွင်းမှာ ပေးသွင်းဖို့ မေတ္တာရပ်ခံတဲ့ဟာမျိုး ဖြစ်လာလိမ့်မယ်။ နှစ်ဖက်လုံးအတွက် အဆင်ပြေနိုင်လောက်တဲ့ နှုန်းထားတစ်ခု ဖြစ်လာ မှာပါ။ အားလုံးက စီးပွားရေးက သိပ်အဆင်မပြေကြဘူးလေ အခုအချိန်မှာ Demand တွေက မရှိသလောက် ရှားပါးသွားပြီ။ လိုင်စင်တွေကလည်း အများကြီးချပေးထားတာ ဖြစ်တဲ့အတွက် စင်ပြိုင်တွေဖြစ်လာပြီ” ဟု ၎င်းက ပြောသည်။

MOEAF မှ ပြန်လည်တင်ပြထားသည့်နှုန်းထားများမှာ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်အာမခံကြေး အား ကျပ်သိန်း ၄၀၀ နှင့် ထိုင်းလိုင်စင်အတွက် ကျပ်သိန်း ၁၀၀ နှုန်းထား ပြောင်းလဲသတ်မှတ်ပေးရန် ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုထံက သိရသည်။

ထိုသို့ အာမခံကြေးတိုးမြှင့်ရန်အတွက် ဇူလိုင်လတွင် ပြုလုပ်ခဲ့သည့် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေး ကော်မတီအစည်းအဝေးနှင့် စက်တင်ဘာလကပြုလုပ်သည့် ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) အစည်းအဝေးတို့၌ ဆွေးနွေးဆုံးဖြတ်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ရှေ့တွင်တန်းစီစောင့်ဆိုင်းနေကြသူများ

အလုပ်သမားဝန်ကြီးဌာန၏ ယခုကဲ့သို့ နှုန်းထားတိုးမြှင့်ရန် စီစဉ်ခြင်းသည် အေဂျင်စီအားလုံးပေးသွင်းရမည် ဖြစ်သော်လည်း လက်ရှိတွင် အေဂျင်စီအကုန်လုံးနီးပါး Demand ရရှိပြီး အလုပ်ဖြစ်ထွန်းနေကြခြင်း မဟုတ်သည့် အတွက် အဆင်ပြေမည်မဟုတ်ကြောင်း ထောက်ပြကြသည်။

ထို့အပြင် မသမာသည့် အေဂျင်စီများလည်းရှိသောကြာင့် ယခုကဲ့သို့ လိုင်စင်အာမခံကြေး တိုးမြှင့်ပေးသွင်းရခြင်း ကို အကြောင်းပြပြီး ဝန်ဆောင်ခများ ပိုမိုကောက်ခံလာနိုင်ကြောင်းလည်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

“အာမခံကြေး သိန်း ၂၅၀ ကနေ သိန်းတစ်ထောင် တိုးကောက်တယ်ဆိုတာနဲ့ မသမာတဲ့အေဂျင်စီတွေရှိတယ်။ တချို့က လိုင်စင်ကိုပဲ အကြောင်းပြပြီးတော့ ပြည်ပထွက်ခွာမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပေါ်မှာ ဂုတ်သွေးစုပ်တာပေါ့။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ အများကြီးရှိတယ်။ အများကြီး ကလည်း သူတို့သတ်မှတ်ထားတဲ့နှုန်းထားပေါ်မှာပဲ ကောက်သွားမှာလား၊ တိုးကောက်မှာလား ဆိုတာကို လာမယ့် အနာဂတ်ကို စောင့်ကြည့်ဖို့ လိုအပ်တယ်ပေါ့။ အဲဒီတော့ မသမာတဲ့ အေဂျင်စီတော်တော်များများက ဒီ သတ်မှတ် ထားတဲ့ ၃ သိန်းထက်ကိုတောင်မှ ၁၄၊ ၁၅ သိန်း၊ သိန်း ၂၀ ကောက်နေတာဖြစ်တဲ့အတွက် အခု အာမခံကြေး သိန်း ၁၀၀၀ သွင်းရပြီဆိုရင် အဲဒီအကြောင်းပြချက်နဲ့ မသိနားမလည်တဲ့ တောသူတောင်သားတွေအပေါ်မှာ ပြည် ပထွက်ခွာမယ့် ကုန်ကျစရိတ်တွေကို ပိုမိုတိုးကောက်လာနိုင်စရာ အကြောင်းရှိတယ်လို့ ပြောချင်တယ်။ အလုပ်ကို လည်လည်ပတ်ပတ် မလုပ်နိုင်တဲ့အချိန်မှာ အမြဲတမ်းအလုပ်မရနိုင်တဲ့အချိန်မှာ ငွေတိုးကောက်တာကြီးကတော့ လုံးဝကို မဖြစ်သင့်ဘူးပေါ့” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်ပအလုပ်အကိုင်အကျိုးတော်ဆောင် လိုင်စင်ရအေဂျင်စီသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အထိ ၃၀၀ ကျော်သာရှိခဲ့ပြီး လက်ရှိတွင်‌ အေဂျင်စီအရေအတွက် စုစုပေါင်းမှာ ၄၇၀ နီးပါးခန့်အထိ ရှိနေပြီဖြစ်သည်။