CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၅

ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် လိုင်စင်အာမခံကြေး တိုးမြှင့်ပေးသွင်းရမည့်အတွက် လုပ်သားတစ်ဦး ချင်းစီ၏ ဝန်ဆောင်ခနှုန်းထားများအပေါ် ယခုထက် ပိုမိုတောင်းခံလာနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

အလုပ်သမားဝန်ကြီးဌာနမှ အေဂျင်စီများ၏ လိုင်စင်အာမခံကြေးအား ၃ ဆခန့် တိုးမြှင့်ကောက်ယူရန် ညှိနှိုင်း နေခြင်းဖြစ်ပြီး ထိုသို့ လုပ်ဆောင်ပါက လုပ်သားတစ်ဦးချင်းစီအလိုက် ပေးဆောင်ရမည့် ဝန်ဆောင်ခနှုန်းထား များကို အေဂျင်စီဘက်မှ ပိုမိုတောင်းခံလာမှာဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေး နေသူများက ထောက်ပြကြသည်။

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “ဥပဒေအရ ဥပဒေနဲ့မညီလို့ သတ်မှတ်ထားတဲ့ ကျင့်ဝတ်အတိုင်း မလုပ်ဘဲနဲ့ချိုးဖောက်တဲ့ အေဂျင်စီတွေရှိတယ်။ ဝန်ဆောင်မှုတွေ ကတိပေးထားတဲ့အတိုင်းမလုပ်လို့ အလုပ်သမား တွေ ဒုက္ခရောက်တဲ့ဟာတွေဖြစ်တယ်။ ဒါမျိုးတွေကို တိတိကျကျပြေလည်အောင် အရေးယူ ဆောင်ရွက်ဖို့ လိုတယ်။ အဲဒီလို အရေးယူဆောင်ရွက်မှု မရှိဘူးဆိုရင် ဒီမြှင့်တဲ့ဟာကလည်း ဘာမှ သိပ်ပြီးတော့ မထူးဘူးပေါ့။ ပြဋ္ဌာန်းထားတာတော့ ရှိပြီးသား ဘယ်လိုမျိုးဆိုရင် တိုင်ပါလို့၊ ဘယ်ကိုတိုင်ပါလို့ ဆက်သွယ် တိုင်ကြားရမယ့်ဟာ တွေက ရှိတယ်။ ဒါပေမယ့် ဒီယန္တရားကြီးက တကယ်တမ်းအလုပ်ဖြစ်လားဆိုတော့ တကယ်အလုပ်ဖြစ်တဲ့ဟာမျိုး မရှိဘူး။ ထွက်မယ့်အလုပ်သမားများနေတဲ့အခါကြတော့ သတ်မှတ်ထားတာ ၅ သိန်း ကုန်ကျမယ်ဆိုရင် အေဂျင်စီ က ၁၀ သိန်းတောင်းလည်း ပေးမယ့်သူအများကြီး။ ဒါတွေကို ဘာလို့မပြောလဲ မေးကြည့်တော့ သူတို့က မပြောဘူး သူတို့က ထွက်ဖို့ပဲ အရေးကြီးတာလေ။ ဘယ်လို နည်းနဲ့ပဲ ထွက်ရ ထွက်ရ။ အဲဒီအခါကြ အဲဒါတွေကို မကြည့်တော့ ဘဲနဲ့ ပေးပြီးတော့ ထွက်လာ။ တကယ်လို့ ကျနော်က သိန်း ၂၀ မပေးဘူးဆိုရင် ကျနော် အနောက်မှာ ၂၁ သိန်းပေး မယ့်သူက အဆင်သင့်ရှိနေပြီ” ဟု ပြောသည်။

ပြည်ပအလုပ်အကိုင်အေဂျင်စီများ၏ လိုင်စင်အာမခံကြေးကို သိန်း ၂၅၀ အစား သိန်း ၁၀၀၀ နှင့် ပြည်ပ အလုပ် အကိုင်အေဂျင်စီ (ထိုင်း) အတွက် လိုင်စင်အာမခံကြေး သိန်း ၅၀ အစား သိန်း ၂၀၀ သို့ တိုးမြှင့်ကောက်ယူရန် ‌လုပ်ဆောင်နေခြင်းဖြစ်သည်။

အေဂျင်စီများဖြင့် ပြည်ပထွက်ခွာမည့်သူများ

အေဂျင်စီများမှ အလုပ်သမားတစ်ဦးအတွက် နိုင်ငံအလိုက် အမြင့်ဆုံးကောက်ခံနိုင်သည့် ဝန်ဆောင်ခစရိတ် နှုန်းထားများအား အစိုးရမှ တရားဝင်သတ်မှတ်ထားသည်။

ဂျပန်သို့ နည်းပညာအလုပ်သင် သင်တန်းသားအဖြစ် သွားပါက အမေရိကန်‌‌ဒေါ်လာ ၂၈၀၀၊ ကျွမ်းကျင်လုပ်သား အမေရိကန်ဒေါ်လာ ၁၅၀၀၊ ဂျပန်တွင် ၃ နှစ်လုပ်ကိုင်ခဲ့ပြီး အေဂျင်စီအသစ်ဖြင့် အလုပ်ရှင်အသစ်ထံသို့ ထပ်မံ သွားရောက်မည့် လုပ်သားဆိုလျှင် အမေရိကန်ဒေါ်လာ ၁၆၀၀ နှင့် မူလအေဂျင်စီဖြင့် မူလအလုပ်ရှင်ထံသို့ ထပ်မံ သွားရောက်မည့် လုပ်သားဆိုပါက အမေရိကန်ဒေါ်လာ ၂၀၀ ဖြစ်သည်။

စင်ကာပူသို့ High Levy အတွက် စင်ကာပူဒေါ်လာ ၁၈၀၀၊ Low Levy အတွက် စင်ကာပူဒေါ်လာ ၂၃၀၀၊ S-Pass အတွက် စင်ကာပူဒေါ်လာ ၄၄၀၀ နှင့် မလေးရှားနိုင်ငံသို့ သွားမည်ဆိုပါက အမေရိကန် ဒေါ်လာ ၈၅၀ နှင့် မြန်မာ ငွေ ၂၅၅၀၀ တို့ဖြစ်သည်။

ထို့အပြင် ထိုင်းသို့သွားမည်ဆိုပါက ထိုင်း SSB အကျုံးဝင်လုပ်ငန်းဖြစ်ပါက မြန်မာငွေ ၃ သိန်းနှင့် ဘတ် ၅၃၉၀၊ SSB အကျုံးမဝင် လုပ်ငန်းဖြစ်ပါ က မြန်မာငွေ ၃ သိန်းနှင့် ဘတ် ၇၆၀၀ (မြန်မာငွေ လေးသိန်းကျော်) ဖြစ်သည်။

အလုပ်သမားညွှန်ကြားရေးဉီးစီးဌာနကိုတွေ့ရစဉ်

ဝန်ဆောင်ခစရိတ် တရားဝင် သတ်မှတ်ထားသည့် နှုန်းထားများရှိသော်လည်း ထိုပမာဏထက် ပို၍ ပေးဆောင် နေရခြင်းဖြစ်ပြီး အစိုးရဌာနဆိုင်ရာပိုင်းဘက်မှ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းမှု အားနည်းသဖြင့် အေဂျင်စီများ ၏ လိုင်စင်အာမခံကြေးအား နှုန်းထား မပြောင်းလဲဘဲ ယခင်နှုန်းထားအတိုင်းထားမည်ဆိုပါက ပို၍ အဆင်ပြေ မည်ဖြစ်ကြောင်း MWRN မှ အလုပ်သမားတာဝန်ခံ ဦးဘရီက CNI သတင်းဌာနသို့ ပြောသည်။

“ဖြစ်မယ်ဆိုရင် အရင်အတိုင်းထားတာက ပိုပြီးအဆင်ပြေမယ်လို့ မြင်ပါတယ်။ အေဂျင်စီတွေအနေနဲ့ အစိုးရကို အဆပေါင်းများစွာ တိုးမြှင့်ပြီးပေးရတယ်ဆိုတော့ ပြည်တွင်းက အလုပ်သမားတွေဆီကနေ အေဂျင်စီတွေကတော့ တိုးမြှင့်ပြီး ကောက်ခံဖို့ကတော့ သေချာသွားပြီ။ အရင်ကတောင်မှ အစိုးရက ၃ သိန်းထက် မကျော်စေရဆိုပြီး သတ်မှတ်ထားတယ်။ အဲဒီလို ၃ သိန်းအထက် မကျော်စေရ ဆိုတဲ့ အထဲမှာ အေဂျင်စီကနေ ၂၅ သိန်း၊ သိန်း ၃၀ ၊ ၄၅ သိန်းအထိရှိတာပေါ့ တချို့တွေဆိုရင်။ zero coast နဲ့ လာတဲ့ အလုပ်သမားတွေဆိုရင်တော့ အဆင်ပြေ ပါတယ်။ zero coast စနစ်နဲ့ဆိုရင်တော့ အစိုးရကပဲ တိုးမြှင့်ကောက်ကောက် အေဂျင်စီကပဲ တိုးမြှင့် ကောက်‌ ကောက်ပေါ့နော်။ အဓိက ကုန်ကျစရိတ်ကတော့ အလုပ်ရှင်ဘက်က ပေးရတယ်။ စက်ရုံ ကုမ္ပဏီကနေ ခံပေးမယ် ဆိုရင်တော့ ကိစ္စမရှိဘူး။ ဖြစ်နိုင်မယ်ဆိုရင်တော့ နဂို အတိုင်းထားတာက အေဂျင်စီအတွက်ရော ပြည်ပကို ထွက်လာမယ့် MOU လုပ်သားတွေအတွက်ရော အဆင်ပြေမယ်လို့ မြင်ပါတယ်။ အစိုးရကိုယ်တိုင်က ထိန်းချုပ်မှ ဖြစ်မယ့် အနေအထားမျိုးပါ” ဟု ၎င်းက ပြောသည်။ 

လက်ရှိတွင် ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် လိုင်စင်အာမခံကြေး တိုးမြှင့်ပေးသွင်းရမည့်နှုန်းထား နှင့်ပတ်သက်၍ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) နှင့် အလုပ်သမား ဝန်ကြီးဌာနတို့ ညှိနှိုင်းလျက်ရှိကြောင်းလည်း သိရသည်။