CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၅
မွန်ပြည်နယ်အတွင်းရှိ ရော်ဘာလုပ်ငန်း လုပ်ကိုင်ရာ မြို့နယ်အများစုသည် ပြီးခဲ့သည့်နှစ်ထက် နယ်မြေတည်ငြိမ်မှု မရှိခြင်းကြောင့် ရော်ဘာခြံအများစုမှာ ရော်ဘာအစေးလှီးလုပ်ငန်း လုပ်ကိုင်ရန်အတွက် အခက်တွေ့နေကြောင်း ရော်ဘာလုပ်ငန်းရှင်များက ပြောသည်။
မွန်ပြည်နယ်အတွင်း ရော်ဘာအများဆုံး ထွက်ရှိရာ ဒေသများဖြစ်သည့် ကျိုက်ထို၊ ဘီးလင်း၊ ရေး စသည့် မြို့နယ် များတွင် မြန်မာ့တပ်မတော်နှင့် တော်လှန်ရေး အင်အားစုတို့ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ရော်ဘာ အစေးလှီး ကျွမ်းကျင်လုပ်သား ခေါ်ယူရန် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။
ထို့အပြင် ညမထွက်ရ အမိန့်နှင့် တချို့သော နေရာဒေသများကို အသွားအလာ ကန့်သတ်ထားမှုများလည်း ရှိနေခြင်းကြောင့် ပိုမို ခက်ခဲလာကြောင်း ရော်ဘာအစေးလှီးလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
လက်ရှိအချိန်ထိ မိုးရွာသွန်းမှုများ ရှိနေခြင်းကြောင့် ပုံမှန်ထက် ရော်ဘာရာသီသည် စတင်ရန် နောက်ကျနေ ကြောင်း၊ ထို့ကြောင့် ယခုနှစ်တွင် ရော်ဘာထုတ်လုပ်မှုအပေါ် သက်ရောက်မှု ရှိနိုင်သည်ဟု မွန်ပြည်နယ် ရော်ဘာ ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ရော်ဘာအစေးလှီးနေသူကိုတွေ့ရစဉ်
၎င်းက “အခုလောလောဆယ်တော့ တောင်သူတွေ အကုန်လုံးတော့ ပြင်ဆင်နေပြီပေါ့ဗျာ။ အစေးလှီးလုပ်ငန်းကို သူတို့ စလုပ်နေပြီပေါ့ဗျာ။ ဒါပေမယ့် အကုန်လုံးက လုပ်ငန်းစဖို့အတွက်က နည်းနည်းလေး ကျနော်တို့ ရာသီချိန် ၁ လစာပေါ့နော် မိုးကြောင့် ၁ လစာ နောက်ဆုတ်သွားတယ်။ အခုမှပဲ ကျနော်တို့ စလှီးရတယ်။ စလှီးရတဲ့ အနေ အထား ရှိတယ်။ ပြီးတော့ ကျနော်တို့ အစေးလှီး လုပ်သားတွေကလည်း တချို့ခြံတွေဆို အစေးလှီးလုပ်သား မရ သေးဘူးပေါ့နော်၊ မရသေးတဲ့ အနေအထားကို တွေ့ရတယ် အဲဒီလိုတော့ ရှိတယ်။ လုံခြုံရေးတော့ ကျနော်တို့ ကန့်သတ်နေရာတွေ ကျနော်တို့ သွားလို့မရတဲ့ နေရာတွေ ရှိလာပါတယ်ခင်ဗျ၊ ပိုပြီးတော့ များလာတယ် ဒီနှစ် ကတော့။ ထုတ်လုပ်မှုအပိုင်းကိုတော့ နည်းနည်း သက်ရောက်မှု ရှိနိုင်ပါတယ်” ဟု ပြောသည်။
နယ်မြေ မတည်ငြိမ်မှုကြောင့် ရော်ဘာအစေးလှီးလုပ်သား ငှားရမ်းရာတွင် အဆင်မပြေမှုများလည်း ကြုံတွေ့နေ ကြောင်း၊ ရော်ဘာလုပ်ငန်း လုပ်ကိုင်ရန် အခက်တွေ့နေခြင်းကြောင့် တချို့သော ရော်ဘာခြံ ပိုင်ရှင်များသည် ရော်ဘာခြံများကို ရောင်းချရန် စီစဉ်နေမှုများနှင့် ရော်ဘာလုပ်ငန်းကို ရပ်နားရန်အတွက် ပြင်ဆင်နေမှုများလည်း ရှိသည်။
ကျိုက်ထို၊ ဘီးလင်း၊ ရေး စသည့် မြို့နယ်များတွင် နယ်မြေတည်ငြိမ်မှု များပြားလာနေသော်လည်း ကျိုက်မရော၊ သံဖြူဇရပ်၊ သထုံနှင့် ပေါင်မြို့နယ်ရှိ ရော်ဘာခြံများသည် ပုံမှန်လည်ပတ်လျက်ရှိသည်ဟု သိရသည်။
ရော်ဘာအစေးလှီးနေသူကိုတွေ့ရစဉ်
လက်ရှိတွင် ရာသီဥတု အခြေအနေကြောင့် ရော်ဘာလုပ်ငန်း စတင်ရန် နောက်ကျနေမှုများ ရှိသော်လည်း ရော်ဘာဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်ထက် ကောင်းမွန်နေခြင်းကြောင့် တောင်သူများအတွက် အကျိုးရှိနိုင်သည်ဟု ကျိုက်မရောမြို့နယ်မှ ရော်ဘာလုပ်ငန်းရှင် ဦးမင်းထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခက်အခဲကတော့ ဒီနှစ်ကတော့ အစေးလှီးတဲ့အချိန် နောက်ကျတာပေါ့နော်၊ ရာသီဥတု မိုးက ရွာနေ တော့လေ။ ရာသီဥတုကြောင့် အစေးလှီးတာ နောက်ကျတာကတော့ အခက်အခဲလို့ ပြောလို့မရဘူးပေါ့နော်၊ ဝင်ငွေ နည်းတာပေါ့။ ဘာလို့လဲဆိုတော့ ပုံမှန် ဒီအချိန်ဆို သူတို့ ၁ လလောက် ရနေပြီလေ။ အခုက အခုမှ တချို့က ပြင်ဆင်နေတုန်းဆိုတော့ သူတို့အတွက် အစေးလှီးရက်တော့ နည်းသွားမှာပေါ့။ လတ်တလော အခြေအနေက တော့ မနှစ်ကနဲ့ ယှဉ်လိုက်ရင်တော့ ရော်ဘာဈေးက ကောင်းနေသေးတာပေါ့နော်။ ကောင်းတယ်လို့ ပြောလို့ရတာ ပေါ့နော်။ ဒီလိုမျိုး တစ်နှစ်ပတ်လုံး ဒီလိုမျိုး ဈေးတည်ငြိမ်သွားမယ်ဆိုရင်တော့ တောင်သူတွေအတွက် အကျိုးရှိ တာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် မွန်ပြည်နယ်သည် ရော်ဘာအများဆုံး ထွက်ရှိသည့် ဒေသဖြစ်ပြီး ရော်ဘာစိုက်ဧက ၅ သိန်းကျော်ရှိကြောင်း၊ နှစ်စဉ် ရော်ဘာတန်ချိန် ၁ သိန်းကျော် ထုတ်လုပ်လျက် ရှိသည်။