CNI International News

တူရင်၊အောက်တိုဘာ ၁၃

ခဗာနေးလားမေး(Khabane Lame)သည် အီတလီနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် lockdown ချရသည့်အချိန်တွင် နိုင်ငံ မြောက်ပိုင်းရှိ တူရင်မြို့အနီးက စက်ရုံတစ်ရုံကနေ အလုပ်ပြုတ်သွားခဲ့ပါသည်။

ထို့နောက် အလုပ်အကိုင်အသစ်များ ရလိုရငြား ရှာဖွေရင်း တူရင်မြို့၊ ချီဗက်ဆိုနယ်မြေရှိ ၎င်း၏ မိဘအိမ်မှာ မောင်နှမ ၃ ယောက်နှင့်အတူ နေထိုင်ခဲ့ပါသည်။ တစ်နေ့ကျတော့ TikTok app ဒေါင်းလုတ်ချပြီး Khabane Lame အမည်နှင့် သူ့ကိုယ်သူ ဗီဒီယိုရိုက်တင်ခဲ့သည်။

တဖြည်းဖြည်းနှင့် အဆိုပါ app သည် သူ့အတွက် အံ့ဩစရာ ဖြစ်လာပါတော့သည်။

TikToker များစွာလိုပဲ သူသည် စစချင်းတုန်းက ကခုန်တာ၊ ဗီဒီယိုဂိမ်းကြည့်တာ (ဒါမှမဟုတ်) ဟာသစတန့် လုပ်တာ လောက်ပဲ ရှိခဲ့သည်။

 

ပုံ-ခဗာနေးလားမေးနဲ့ Dani Charm D’Amelio ကိုတွေ့ရစဉ်။

ထို့နောက်မှာတော့ ခဗာနေးလားမေးသည် ယခုနှစ် အစောပိုင်းတွင် လူမှုမီဒီယာ ပလက်ဖောင်း များပေါ်မှာ ရေပန်းစား နေသည့် လူတစ်ယောက်ချင်းစီ၏ နေ့စဉ်ဘဝကို ဖော်ကျူးတဲ့ life-hack ဗီဒီယိုဖိုင်များကို ရယ်မောသရော်ရင်း စကားလုံးမဲ့ ပခုံးတွန့်ပြ ခြင်း (သို့မဟုတ်) ဒေါသထွက်ပြခြင်းတို့ အသွင်နှင့် တုံ့ပြန်သရုပ်ဆောင်ပြခဲ့သည်။

ယခုဆိုလျှင် Lame (လားမေး)သည် TikTok သုံးစွဲသူများကြားတွင် လူကြိုက်အများဆုံး ဖြစ်လာပြီး သူ့၏ Follower မှာ ၁၁၄ သန်း ရှိနေပြီ ဖြစ်သည်။ သူ့၏ အရှေ့မှာ တစ်ဦးတည်းရှိနေသူကတော့ Dani Charm D’Amelio ဖြစ်သည်။ Dani Charm သည် သူ့အစ်မ Dixie နှင့် မကြာခဏ အပျော်အပြက် ဗီဒီယိုဖိုင်များ တင်လေ့ရှိသည့် dancer Charli D’Amelio ဟု သိရသည်။

အသက် ၂၁ နှစ်ရှိ ‘လားမေး’သည် စကားတစ်ခွန်းမှ မပြောဘဲနှင့် အမူအရာအားလုံးကို လုပ်တတ်သည်။ TikTok မှာ သူ့၏ တိတ်ဆိတ်မှုသည် အဓိပ္ပါယ်ပေါင်းများ ထွက်ပေါ်စေပါသည်။

လားမေးနှင့် စီအင်န်အင်န် သတင်းဌာနတို့ မကြာသေးမီက အင်တာဗျူးလုပ်ခဲ့ရာမှာ သူက “အမူအရာ လုပ်နည်းတွေက ကျနော့်ဆီ မတော်တဆ ရောက်လာတာဗျ။ ဒါပေမယ့် ငြိမ်သက်မှုမရှိပါဘူး။ ကျနော်တတ်နိုင်သမျှ လူတွေအများကြီးဆီကို ရောက်မယ့် နည်းလမ်းတစ်ခုကို စဉ်းစားခဲ့ပါတယ်။ အဲဒီအတွက် အကောင်းဆုံးနည်းလမ်းကတော့ စကားမပြောဖို့ပါပဲ”ဟု ရှင်းပြခဲ့သည်။