လန်ဒန်၊ စက်တင်ဘာ ၁၄

ခြောက်နှစ်အတွင်း ၎င်း၏ပထမဆုံးတေးအယ်လ်ဘမ်အသစ်သည် နိုဝင်ဘာ ၁၉ ရက်တွင် စတင်ထွက်ရှိမည် ဖြစ်ကြောင်း ဗြိတိန်အဆိုတော် အဒဲ (Adele) က အောက်တိုဘာ ၁၄ ရက်မှာ ကြေညာခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

‘30’ ဟု အမည်ပေးထားသည့် ယခုတေးအယ်လ်သစ်အတွက် ပြီးခဲ့သည့် ၃ နှစ်ကတည်းက စတင် အသံသွင်း ခဲ့ကြောင်း အဒဲက ၎င်း၏တွစ်တာစာမျက်နှာတွင် ရေးသားလွှင့်တင်ခဲ့သည်။ အသံသွင်းနေစဉ်အတွင်း သူ့ဘဝမှာ စိတ်အနှောင့်အယှက်များတွေ့ကြုံရပြီး ကမောက်ကမ အများကြီးဖြစ်ခဲ့ရကြောင်း အဒဲက ရင်ဖွင့်သည်။

အဒဲသည် ကမ္ဘာတဝန်း တေးအယ်လ်ဘမ်ပေါင်း သန်းနှင့်ချီ၍ ရောင်းချခဲ့ရသည့် အဆိုတော်ဖြစ်ပြီး အော်စကာနှင့် ဂရမ်မီဆုတို့အပါအဝင် ဆုပေါင်း ၁၅ ဆုအထိ လက်ဝယ်ပိုင်ဆိုင်ထားသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်က ထုတ်ဝေသည့် Vogue အလှအပရေးရာနှင့်ဖက်ရှင်မဂ္ဂဇင်းမှာ အင်တာဗျူး ဖြေဆိုခြင်း ဖြင့် အဒဲက ၅ နှစ်လုံးလုံး ငြိမ်ချက်ကောင်းနေရာမှ စတင်ဖွင့်ဟပြောကြားလာခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၅ နှစ်တွင် အဒဲဟာ စိုးရိမ်သောကဖိစီးသည့်ဒဏ်ကို ၁ နှစ်နီးပါး ကြုံခဲ့ရပြီး ၎င်း၏အိမ်သူအိမ်သားများဖြင့်သာ ထိတွေ့နေထိုင်ခဲ့သည်။

၂၀၁၇ ခုနှစ်က လန်ဒန်မြို့၊ ဝင်ဘလေရုံထဲတွင် အဒဲသည် အသံပြဿနာကြောင့် ရှိုးပွဲ နှစ်ပွဲဖျက်သိမ်းခဲ့ရကာ ပရိသတ်မြင်ကွင်းကနေ ပျောက်ဆုံးသွားခဲ့သည်။
တစ်ဆက်တည်းမှာပင် သူ့အိမ်ထောင်ရေးလည်း ပြိုကွဲသွားခဲ့ရပြန်သည်။

“ကျမ ဘဝတလျှောက်လုံးမှာ ကိုယ့်ကိုယ်ကိုရော၊ ကိုယ့်အိမ်အကြောင်း အမှန်တရားတွေ အများကြီး သင်ယူ နိုင်ခဲ့ပါတယ်။ မလိုလားအပ်တာတွေ ကျမဆီကနေ ဖယ်ရှားအခွံချွတ်ခဲ့ပေမယ့် အသစ်အသစ်တွေကိုလည်း ကျမ ပြန်ပြီး ထုပ်ပိုးခဲ့ပါတယ်” ဟု ၎င်း၏တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။

“နောက်ဆုံးမှာတော့ ကျမခံစားချက်ကို ကျမ ပြန်ရှာတွေ့ခဲ့ပါတယ်။ ကျမဘဝမှာ ဘယ်တုန်းက မငြိမ်းချမ်း ခဲ့ဘူးဆိုတာ ပြောဖို့ ကျမ အဝေးဆုံးကို သွားချင်နေမိတယ်။ အခုဆိုရင် ကျမ တေးအယ်လ်ဘမ်သစ် ထွက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ ” ဟု အဒဲက ဆိုသည်။

အဒဲ၏နောက်ဆုံးထွက်ရှိထားသော တေးအယ်လ်ဘမ် ‘25’ သည် ဗီဒီယိုဂိမ်းများ၊ ဘလော့ဘတ်စတာမှ ရိုက်ကူးသည့် ရုပ်ရှင်ဇာတ်ဝင်ခန်းများဖြင့် ဝေဝေဆာဆာ ထွက်ရှိခဲ့ကာ ဗြိတိန်နိုင်ငံတွင် ၂၀၁၅ ခုနှစ်က အခြားဖျော်ဖြေရေးထုတ်ကုန်ပစ္စည်းများကို ကျော်လွန်၍ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့သည်။