CNI International News

မွမ်ဘိုင်း၊ အောက်တိုဘာ ၁၈

မကြာသေးမီက မီဒီယာတွေ့ဆုံခန်းတစ်ခုတွင် ပါဒတ်စ် (Pardes) ဇာတ်ကားဖြင့် နာမည်ကြီးလာသူ မင်းသမီး မဟီမာ ချောင်ဒရီက အမျိုးသမီးသရုပ်ဆောင်များအတွက် ဘောလိဝုဒ်ရုပ်ရှင်လောက မည်သို့မည်ပုံပြောင်းလဲသွားပုံကို ဖွင့်ချ သွားခဲ့သည်။

အဆိုပါ အင်တာဗျူး တွေ့ဆုံခန်းတွင် “အခုမှ အမျိုးသမီးသရုပ်ဆောင်တွေလည်း ရိုက်ကူးဖို့ နေရာရလာတယ်လို့ ထင်ပါတယ်။ အခုဆိုရင် သူတို့အတွက် ပိုကောင်းတဲ့ အစိတ်အပိုင်းတွေ၊ ပိုကောင်းတဲ့ အနုပညာကြေးတွေ၊ ထောက်ခံချက်တွေနဲ့ ကြီးကျယ် ပြီး အင်အားကြီးတဲ့ အနေအထားမှာ တွေ့နေရပါတယ်။ သူတို့ရဲ့ အနုပညာသက်တမ်းလည်း အရင်ကထက် ပိုရှည်လာ တယ်ရှင့်” ဟု ၎င်းက ပြောကြားခဲ့သည်။

အစောပိုင်းကာလ တက်သစ်စ အနုပညာသည် ဘဝအကြောင်း ဖွင့်ချရာတွင် မင်းသမီး မဟီမာချောင်ဒရီက “ တစ်စုံတစ် ယောက်နဲ့ ချိန်းတွေ့တုန်းကတောင် အနမ်းမခံရဖူးတဲ့ အပျိုစင်ကိုပဲ သရုပ်ဆောင်အဖြစ် လိုချင်တဲ့ သူတွေများတာမို့ တော်ရုံဆို မောင်းထုတ်ခံရလိမ့်မယ်။ တကယ်လို့ တစ်ယောက်ယောက်နဲ့များ ချိန်းတွေ့တာမျိုး လူတွေသိသွားပြီဆိုရင် ဟာ… သူက တော့ ဒီလိုချိန်းတွေ့နေတာပဲ၊ ညည်း လက်ထပ်ဖူးခဲ့ရင် အဲဒါကို မေ့လိုက်တော့၊ ညည်း ကျွမ်းကျင်တဲ့ အသက်မွေး ဝမ်းကျောင်း အလုပ် အဆုံးသတ်သွားပြီ၊ ညည်းမှာ ကလေးရှိရင်တော့ ရေစုန်သာ မျောပေတော့ ဆိုတာမျိုး ဝေဖန်ကြမှာပါ” ဟု ထည့်သွင်း ပြောကြားခဲ့သည်။

ထို့နောက် ဆက်လက်ပြီး မင်းသမီး မဟီမာချောင်ဒရီက “ဒါကြောင့် အရင်တုန်းက ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့၊ အခု အနုပညာအလုပ်ကို ဆက်လုပ်လို့ရလား၊ မရလား ကြည့်ရပါတယ်။ အခုဆိုရင် ကျမတို့ဆီမှာ(အိန္ဒိယမှာ) လူတွေက ကွဲပြားတဲ့ အခန်းကဏ္ဍမျိုးစုံမှာ အမျိုးသမီးတွေ ပါဝင်လှုပ်ရှားတာကို လက်ခံလာကြပါတယ်။ အချစ်ရေးမှာတောင် အရင်ကလို မဟုတ်တော့ဘဲ တချို့ အမျိုး သား တွေဆို သူတို့ရဲ့အမေ (ဒါမှမဟုတ်) သူတို့ရဲ့ လက်တွဲဖော် ဘယ်သူဘယ်ဝါဆိုတာ လူမှုမီဒီယာမှာ တင်လာကြတယ်။ ကိုယ့်အမျိုးသမီးရဲ့ ကိုယ်ပိုင်ရပ်တည်တဲ့ဘဝကို ဂုဏ်ပြုလာကြတယ်။ ဒါတောင် ယောက်ျားတွေဆိုတာ သူတို့မှာ ဖုံးကွယ်ထား တာ အများကြီး ရှိကြတာနော်။ ကျမအမျိုးသားဆိုရင် ရုပ်ရှင်ဖြန့်ချိရေး (ဒါမှမဟုတ်) တခြားလုပ်ငန်းတွေနဲ့ နှစ်တော်တော် ကြာပြီးမှ တစ်ယောက်ကိုတစ်ယောက်ကို နားလည်လာကြတာပါ။ ဒါကြောင့် ကျမ သူနဲ့ လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်” ဟု သူ၏ ဘဝဖြတ်သန်းမှုနှင့် ယှဉ်၍ ရှင်းပြသွားခဲ့သည်။

မဟီမာချောင်ဒရီသည် ၂၀၁၆ ခုနှစ်၊ ဘင်္ဂါလီရာဇဝင် သည်းထိတ်ရင်ဖို ဇာတ်ကားဖြစ်သော အနက်ရောင်ချောကလက် (Dark Chocolate) တွင် ရီယာဆန် (Riya Sen) နှင့် တွဲဖက်သရုပ်ဆောင်ပြီး ချိန်မှစ၍ အနုပညာလှုပ်ရှားမှုများ ကြဲပါးသွားခဲ့သည်။