မွမ်ဘိုင်း၊အောက်တိုဘာ ၂၁

ဘောလိဝုဒ် နာမည်ကြီးမင်းသား ရှာရွက်ခမ်း၏သားဖြစ်သူ အာယန်ခမ်းသည် ပါတီပွဲတစ်ခုတွင် အပန်းဖြေရင်း မူးယစ်ဆေးဝါးသုံးစွဲနေသည်ဟူသော စွပ်စွဲချက်ဖြင့် အဖမ်းခံခဲ့ရပြီး ၁၈ ရက်အကြာတွင် အာမခံပယ်ချခံရကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းက အောက်တိုဘာ ၂၀ ရက်တွင် ရေးသားဖော်ပြသည်။

အသက် ၂၃ နှစ်အရွယ်ရှိ အာယန်ခမ်းသည် မွမ်ဘိုင်းမြို့မှ ဂိုအာပြည်နယ်သို့ သွားသော အပျော်စီးသင်္ဘော တစ်စီးကို အောက်တိုဘာ ၂ ရက်က လိုက်ပါစီးနင်းရင်း အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

၎င်းကို တရားမဝင် မူးယစ်ဆေး လက်ဝယ်ထားရှိသုံးစွဲမှု၊ တရားမဝင် ပြန်လည်ရောင်းချမှုတို့နှင့် ပတ်သက်သော ဥပဒေပုဒ်မများဖြင့် အိန္ဒိယမူးယစ်ထိန်းချုပ်ဗျူရိုက စွဲချက်တင်ထားသည်။

၎င်းကတော့ အဆိုပါစွဲချက်များကို ငြင်းဆိုထားသည်။

Photo-credit

၎င်း၏လက်ထဲတွင် မူးယစ်ဆေးဝါးများ မတွေ့ရကြောင်းနှင့် ၎င်းအနေဖြင့် မည်သည့်ဆေးအမျိုးအစား သုံးစွဲ ခဲ့ကြောင်း သက်သေအထောက်အထားမရှိဟု ၎င်း၏ရှေ့နေ ဆာတစ်မန်ရှင်ဒီက တရားရုံးသို့ လျှောက်လဲချက် ပေးခဲ့သည်။

သို့သော် အောက်တိုဘာ ၂၀ ရက်၌ မွမ်ဘိုင်းတရားရုံးက အာယန်ခမ်း၏အာမခံလျှောက်ထားချက်ကို ဒုတိယအကြိမ် ပယ်ချခဲ့သည်။ အစောပိုင်းအာမခံကိုလည်း အောက်တိုဘာ ၈ ရက်က ပယ်ချခဲ့ပြီးဖြစ်သည်။ ယခုအမှုတွင် စွဲချက်တင်ခံရသူနှစ်ဦးစလုံး၏ အာမခံလျှောက်ထားမှုများကို ရုံးတော်က လက်မခံခဲ့ကြောင်း သိရသည်။

မွမ်ဘိုင်းတရားရုံး၏အဆုံးအဖြတ်ကို အယူခံဝင်နိုင်လိမ့်မည်ဟု အာယန်ခမ်း၏ရှေ့နေများက မျှော်လင့်နေသည်။

အပျော်စီးသင်္ဘောပေါ်တွင် မူးယစ်ဆေးဝါးများ တင်ဆောင်လာခဲ့ကြောင်း သတင်းရရှိခဲ့သဖြင့် အိန္ဒိယ မူးယစ် ထိန်းချုပ်ဗျူရိုမှ အရာရှိများသည် ၎င်းတို့လိုက်ပါစီးနင်းခဲ့သော သင်္ဘောကို အောက်တိုဘာ ၂ ရက်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး အာယန်ခမ်းကို စစ်ဆေးမေးမြန်းခဲ့ကာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အစောပိုင်း၌ အာယန်ခမ်းကို မူးယစ်ထိန်းချုပ်ဗျူရိုတွင် ချုပ်နှောင်ထားခဲ့သော်လည်း နောက်ပိုင်းတွင် ထောင်သို့ ပြောင်းရွှေ့ပို့ဆောင်ခဲ့သည်။

အဆိုပါအမှုသည် အိန္ဒိယမီဒီယာများ အာရုံစိုက်၍ အထူးအသားပေးဖော်ပြသော သတင်းဖြစ်ခဲ့ပြီး မင်းသားကြီး ရှာရွက်ခမ်းထံမှ တရားဝင်ပြောကြားချက် မတွေ့ရသေးသော်လည်း ဘောလိဝုဒ်မှ ပုဂ္ဂိုလ်အချို့က အာယန်ခမ်းကို အကာအကွယ်ပေး၍ ပြောကြားမှုများ ရှိခဲ့သည်။