CNI International News

အိန္ဒိယ၊ အောက်တိုဘာ၂၁

ဘောလိဝုဒ် ကြယ်ပွင့် မင်းသားကြီး ရှာရွတ်ခမ်းသည် ယနေ့ (အောက်တိုဘာ ၂၁ ရက်) နံနက်ပိုင်းက မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးတရားစွဲခံထားရသော သားဖြစ်သူ အာယန်ခမ်းအား Arthur လမ်းရှိ အကျဉ်းထောင်သို့ သွားရောက် တွေ့ဆုံခဲ့ ကြောင်း The Indian Express က ရေးသားဖော်ပြထားသည်။

အသက် ၂၃ နှစ်အရွယ်ရှိ အာယန်ခမ်းသည် မွမ်ဘိုင်းမြို့မှ ဂိုအာပြည်နယ်သို့သွားသော အပျော်စီးသင်္ဘော တစ်စီးကို အောက်တိုဘာ ၂ ရက်က လိုက်ပါစီးနင်းရင်း အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

၎င်းကို တရားမဝင် မူးယစ်ဆေး လက်ဝယ်ထားရှိသုံးစွဲမှု၊ တရားမဝင် ပြန်လည်ရောင်းချမှုတို့နှင့် ပတ်သက်သော ဥပဒေပုဒ်မများဖြင့် အိန္ဒိယမူးယစ်ထိန်းချုပ်ဗျူရိုက စွဲချက်တင်ထားသည်။

အာယန်ခမ်းသည် တရားရုံးသို့ အာမခံ လျောက်ထားခဲ့သော်လည်း တရားရုံးက ပယ်ချခဲ့သည်။ထို့နောက် အောက်တိုဘာ ၂၆ ရက်နေ့တွင် အာမခံအသနားခံမှုကို ဆက်လက်ကြားနာသွားရန် ရှိကြောင်း ဆိုသည်။

မင်းသားကြီး ရှာရွတ်ခမ်းသည် သားဖြစ်သူ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့်အချိန်မှ စတင်၍ လူမြင် ကွင်းကနေ ပျောက်နေရာ ယနေ့(အောက်တိုဘာ ၂ရက်) နံနက်ပိုင်းမှာတော့ သားဖြစ်သူကို ဖမ်းဆီးထားသည့် အကျဉ်း ထောင်သို့ လာရောက်တွေ့ဆုံကာ လူမြင်ကွင်းထဲ ထွက်ပေါ်လာခြင်းဖြစ်သည်။