ဆန်တာဖေး၊ အောက်တိုဘာ ၂၂

အနောက်တိုင်းရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးနေစဉ်အတွင်း မင်းသားအဲလက်ဘော်ဒွင်သည် သေနတ်ဖြင့် ပစ်ခတ်မိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပြီးနောက် အာဏာပိုင်များက စုံစမ်းစစ်ဆေးနေသည်ဟု အေပီသတင်းဌာနက အောက်တိုဘာ ၂၂ ရက်တွင် ရေးသားဖော်ပြသည်။

‘Rust’ ဟု အမည်ပေးထားသည့် ရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံ၊ နယူးမက္ကစီကိုပြည်နယ်၊ ဆန်တာဖေး ခရိုင်၏ တောင်ဘက်ဆင်ခြေဖုံးရှိ သဲကန္တာရထဲတွင် အောက်တိုဘာ ၂၁ ရက်က ရိုက်ကူးထုတ်လုပ်နေစဉ် ရိုက်ကူး ထုတ်လုပ်ရေးသမား ဟလျနာဟက်ချင်း နှင့် ဒါရိုက်တာ ဂျိုးဆွာဇာ တို့ အဆိုပါပစ်ခတ်မှုတွင် ထိမှန်ခဲ့ကြကြောင်း ဆန်တာဖေးအာဏာပိုင်များက ပြောသည်။

ကျည်ဆန်ထိမှန်ပြီးနောက် အသက် ၄၂ နှစ်ရှိ ဟလျနာဟက်ချင်းကို နယူးမက္ကစီကိုတက္ကသိုလ်ဆေးရုံသို့ တင်ပို့ခဲ့ရာ သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်းများက အတည်ပြုခဲ့သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ အလားတူထိမှန်ခဲ့သူ ဂျိုးဆွာဇာကိုလည်း ခရစ္စတက်စိန့်ဗင်ဆင့်ကျန်းမာရေးဌာနသို့ လူနာတင်ယာဉ်ဖြင့် အရေးပေါ် ခေါ်ဆောင်သွားခဲ့ပြီး ကုသပေးခဲ့ရသည်။ အခင်းဖြစ်ပွားမှုကြောင့် ရုပ်ရှင်ရိုက်ကူးနေမှုကို ရပ်ဆိုင်းခဲ့ရသည်။

မင်းသား အဲလက်ဘော်ဒွင်၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လွတ်လွတ်ကင်းကင်းနေရာတွင် သေနတ်ကို မှားယွင်းပစ်ခတ်ခဲ့မိခြင်းကြောင့် မတော်တဆဖြစ်ပွားမှုဟု ပြောကြားခဲ့သည်။ သို့သော် ယင်းသို့ ပစ်ခတ်မှုမှာ တော်ရုံတန်ရုံအကွာအဝေးဆိုလျှင် လူသေဆုံးသည်အထိ မဖြစ်ပွားနိုင်ကြောင်း အေပီက ဆက်လက် ရေးသား ခဲ့သည်။

အသက် ၆၃ နှစ်အရွယ်ရှိ မင်းသား အဲလက်ဘော်ဒွင်ကို ရဲအရာရှိရုံးခန်းအပြင်ဘက်တွင် အောက်တိုဘာ ၂၁ ရက်က မျက်ရည်စက်လက်ဖြင့် တွေ့ခဲ့ရသော်လည်း ၎င်းထံမှ သဘောထားမှတ်ချက်ရယူရန် ကြိုးစားခဲ့ရာ မအောင်မြင် ခဲ့ကြောင်း ဆန်တာဖေးနယူးမက္ကစီကန်သတင်းဌာန၏အဆိုအရ သိရသည်။
ကျည်ဆန်ထိမှန်သေဆုံးခဲ့သူမှာ အမျိုးသမီးရိုက်ကူးထုတ်လုပ်သူ ဟလျနာဟက်ချင်း ဖြစ်ကြောင်း နိုင်ငံတကာ ရိုက်ကူးထုတ်လုပ်သူများအစည်းအရုံးက အတည်ပြုခဲ့သည်။

“ဖြစ်စဉ်အသေးစိတ်တော့ ကျနော်တို့ လောလောဆယ် မသိရသေးဘူးခင်ဗျ။ ဒါပေမယ့် ကျနော်တို့ စုံစမ်း နေပါတယ်။ ဒီလိုကြေကွဲဖွယ်ဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုအပြည့်အဝလုပ်ဖို့ ကျနော်တို့ ထောက်ခံပါတယ်” ဟု ယင်းအစည်းအရုံးဥက္ကဋ္ဌ ဂျွန်လင်ဒလေးနှင့် အမှုဆောင်ဒါရိုက်တာ ရေဗက္ကာရိုင်းတို့ကြေညာချက် တစ်စောင် ထုတ်ပြန်၍ ပြောကြားခဲ့သည်။

သေဆုံးသူ ဟလျနာဟက်ချင်းသည် ၂၀၁၅ ခုနှစ်တွင် အမေရိကန်ရုပ်ရှင်သိပ္ပံကျောင်းမှ ဘွဲ့ရခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် အာခနီမီ အမည်ရှိ အက်ရှင်ဇာတ်ကားတွင် ရိုက်ကူးရေးစက်မှုဘက်ဆိုင်ရာ ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့သည်။ အမျိုးသမီးကင်မရာကျွမ်းကျင်ပညာရှင်အဖြစ် ဟက်ချင်းကို အမေရိကန် ရိုက်ကူးထုတ်လုပ်ရေးအဖွဲ့အစည်းက “တက်သစ်စ” တစ်ဦးအဖြစ် ၂၀၁၉ ခုနှစ်၌ အသိအမှတ်ပြုခဲ့သည်။

အခင်းဖြစ်ပွားစဉ် ကျည်ဆန်ထိမှန်ခဲ့မှုဖြစ်စဉ်နှင့် ၎င်းသေနတ်အမျိုးအစား၏ လုပ်ဆောင်ချက်ကို တာဝန် ရှိသူများက စုံစမ်းဖော်ထုတ်နေဆဲဖြစ်သည်။

အလားတူပင် ၁၉၈၄ ခုနှစ်တုန်းကလည်း မင်းသား ဂျွန်အက်ဟက်ဆန်သည် Cover Up ရုပ်သံဇာတ်လမ်းတွဲ၌ သရုပ်ဆောင်ရင်း ဦးခေါင်းကို သေနတ်ဖြင့် အလွတ်ပစ်ခတ်ခြင်းခံရပြီး ရိုက်ကွင်းတွင် သေဆုံးခဲ့ဖူးသည်။