၂၀၂၁ခုနှစ်၊ အောက်တိုဘာ ၂၉

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ငပလီကမ်း‌ခြေတွင် ဆောင်းဦးပွဲတော်အား (၅)ရက် တိုင်တိုင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့က သံတွဲခရိုင်အုပ်ချုပ်ရေးဌာန အစည်းဝေးခန်းမတွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး ဆောင်းဦးရာသီပွဲအား ကိုဗစ်-၁၉ ကြောင့် (၅) ရက်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ငပလီဒေသခံ မြို့မိမြို့ဖ ဦးထွန်းသန့်ကျော်က “အဲ့ဒီ ၅ရက်ဆိုတဲ့ အတိုင်းအတာကလည်း ကိုဗစ်ကာလကြောင့်ပဲ ချဲလိုက်တာလေ။ တစ်ရက်တည်းဆိုရင် ပြုံပြီး အဲ့နေမှာ လူကျနေမှာစိုးလို့။ လူလေးနည်းနည်း ကြဲသွားအောင်လို့ ၅ ရက်လုပ်တာလည်း ပါပါတယ်။ နောက်တစ်ချက်ကလည်း ကျနော်တို့က ပင်လယ်ကမ်းခြေဆိုတော့ လေဝင် လေထွက်လည်း ကောင်းပြီးသားလေ။ ဆိုင်တွေဆိုလည်း ကိုဗစ်စည်းကမ်းနဲ့အညီ ဆောင်ရွက်မှာပါ။ ကျန်းမာရေးဌာနကလည်း အဲဒီမှာ ကြီးကြပ်အဖွဲ့တွေ ထားမှာပါ။ ကျန်းမာရေးပိုင်းကလည်း ပြည့်ပြည့်စုံစုံ ဆောင်ရွက်ထားသလို နောက် လုံခြုံရေးပိုင်းကလည်း ပြည့်စုံစွာဆောင်ရွက်ထားမှာပါ” ဟု CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ ပွဲတော်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြထားကာ ရက်အတိအကျအား အတည် ပြုချက်ရသည့်အခါတွင် ထုတ်ပြန် သွားမည်ဖြစ်ကြောင်းနှင့် နိုဝင်ဘာလလယ်ခန့်တွင် ပြုလုပ်မည်ဟု မှန်းထားကြောင်း သိရသည်။

ထိုပွဲတော်အား နှစ်စဉ်ပြုလုပ်လေ့ရှိကြောင်းနှင့် ၂၀၂၀ ခုနှစ်က ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားသည့်အတွက် မလုပ်ဖြစ်ခဲ့ကြောင်းသိရသည်။

ငပလီကမ်းခြေသည် ခရီးသွားလုပ်ငန်းကို အဓိက မှီခိုအားထားနေရကာ ကိုဗစ်ကြောင့် ဒေသခံစီးပွားရေးများ နလန်မထူနိုင်သည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်ပြီး ယခု ဆောင်းရာသီကမ်းခြေဖွင့်ပွဲသည် ခရီးသွားပိုမို လာရောက်စေရန် ရည်ရွယ်၍ ယခုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီ ငပလီကမ်းခြေကို လူတွေလည်း ၂ နှစ်ရှိပြီ ကိုဗစ်ကာလနဲ့ အကုန်လုံးစီးပွားရေးတွေကျနေတော့ အပန်းဖြေလာရောက်နိုင်အောင်အတွက် ကျနော်တို့ဒေသမှာလည်း အေးချမ်းနေတော့လေ အဲ့ဒါကြောင့် ဖွင့်ပွဲလေးနဲ့ ရခိုင့်ရိုးရာပြခန်းလေးတွေရယ်၊ နောက် ရခိုင်အဆိုတော်လေးတွေနဲ့ stage show လေးတွေ ညကျရင်ပေါ့၊ လေဝင်လေထွက်ကောင်းတဲ့ ကမ်း ခြေမှာ ဒါမျိုးလေးတွေလုပ်ဖို့ပေါ့။ နောက် ရခိုင့်ရိုးရာ လှေပြိုင်ပွဲတို့၊ စက်ဘီးစီးပြိင်ပွဲတို့၊ မာရသွန်ပြိုင်ပွဲ ဒါမျိုးလေးတွေထည့်မှာပေါ့။ နောက်ပြီးတော့ ရခိုင့်ရိုးရာအစားအသောက်လေးတွေလည်း တချို့ စတုဒီသာကျွေးမှာပေါ့” ဟု ငပလီဒေသခံ ဦးထွန်းသန့်ကျော်က ဆိုသည်။

ငပလီကမ်းခြေသည် မြန်မာနိုင်ငံ၏အလှပဆုံးကမ်းခြေထဲတွင် တစ်ခုအပါအဝင်ဖြစ်ကာ နှစ်စဥ် နိုင်ငံခြားသား များ အပါအဝင် ခရီးသွားဧည့်သည်များ အများအပြားလာရောက်လည်ပတ်လေ့ရှိသော ကမ်းခြေတစ်ခုဖြစ်ကာ ဟိုတယ်ပေါင်း အလုံး ၆၀ ခန့်ရှိကြောင်း သိရသည်။