မော်စကို အောက်တိုဘာ ၃၁

ယခင် ဆိုဗီယက်ပြည်ထောင်စု၏ မျက်နှာဖုံးဟု တင်စားခေါ်ဝေါ်ကြပြီး အထူးထင်ရှားခဲ့သူ ရုပ်သံတင်ဆက်ရေးသမား အီဂေါ်ကီရယ်လော့ဗ်သည် ရုရှားနိုင်ငံ၌ အသက် ၈၉ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။

၎င်းသည် ဆိုဗီယက်ရုပ်သံလိုင်း၏ သတင်းကြေညာသူနှင့် တင်ဆက်သူအဖြစ် နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့သည်။

အီဂေါ်ကီရယ်လော့ဗ်သည် ဆိုဗီယက်တို့ အာကာသအတွင်း ပထမဆုံး စပွတ်နစ် အမှတ်(၁)ဂြိုဟ်တုကို ကမ္ဘာ့ ပတ်လမ်း ကြောင်းသို့ လွှတ်တင်နေခဲ့ကြောင်း ရုပ်သံသတင်းကို ဝေဝေ ဆာဆာဖြင့် တင်ဆက်ပေးခဲ့သည့်အပြင် ရုရှားတို့၏ ကွန်မြူနစ် ပါတီ ကြေညာချက်များကိုလည်း ထုတ်ပြန်ကြေညာပေးခဲ့ရသည်။

မော်စကို ရင်ပြင်နီ ချီတက်ပွဲများမှအစ ကွန်မြူနစ်ပါတီ၏ ကွန်ဂရက် အစည်းအဝေးများအဆုံးအထိ ဆိုဗီယက်ခေတ် ပွဲလမ်း သဘင်များကို ကီရယ်လော့ဗ်က ဒိုင်ခံ တင်ဆက်ပေးခဲ့သည်။ ၎င်း၏ သရုပ်ပြ အမွှမ်းတင် တင်ဆက်ပေးခဲ့သည့် ဆိုဗီယက် ပြည်ထောင်စုသည် ၁၉၉၁ ခုနှစ်တွင် လုံးဝပြိုလဲသွားခဲ့သည်။

ပုံ-ကွယ်လွန်သွားပြီးဖြစ်သည့် ရုပ်သံတင်ဆက်သူ အီဂေါ်ကီရယ်လော့ဗ်။

ဆိုဗီယက်ခေါင်းဆောင် အဆက်ဆက် ကွယ်လွန်ချိန်၌ ကရင်မလင် နန်းတော်မှနေ၍ ဈာပနအခမ်းအနား စီစဉ်နေပုံ အကြောင်း ပရိသတ် အာရုံစိုက်လာအောင် သဘောထားမှတ်ချက် အမျိုးမျိုးမွမ်းမံ တင်ဆက်ခဲ့သူမှာလည်း ကီရယ်လော့ဗ်ပင် ဖြစ်ခဲ့သည်။

သို့သော် ၁၉၈၀ ပြည့်လွန်နှစ်များ အကုန်ပိုင်းတွင် ရုပ်သံသတင်းများ တင်ဆက်ပုံသည် ကမ္ဘာတလွှား အပြောင်းအလဲဖြစ်ခဲ့ပြီး သတင်းဖတ်သူများမှာ သီးသန့်ကျွမ်းကျင်သူများ မဟုတ်တော့ဘဲ သတင်းထောက်များကိုယ်တိုင် ရုပ်သံအစီအစဉ်များတွင် ဝင်ရောက်၍ သတင်းဖတ်ကြား တင်ဆက်ခဲ့သည့် အလေ့အထ ခေတ်စားလာခဲ့သည်။

သို့ဖြစ်၍ ဆိုဗီယက်ပြည်ထောင်စုတွင်လည်း အလားတူ အပြောင်းအလဲဖြစ်၍ ကီရယ်လော့ဗ်၏ ရုပ်ပုံလွှာမှာ တီဗီဖန်သာပြင် ပေါ်ကနေ ပျောက်ကွယ်လို့ သွားခဲ့ရသည်။

၁၉၉၀ ပြည့်နှစ် ရုပ်သံထုတ်လွှင့်မှု လောက၌ ကြုံခဲ့ရသမျှကို ဘေးဆိုးကပ်ဆိုးတစ်ခုပင် ဖြစ်ကြောင်း ၎င်းက မှတ်ချက်ချခဲ့ ဖူးသည်။

“သတင်းဖတ်တဲ့ Anchours အသစ်လေးတွေက အလျင်စလို နိုင်လွန်းတယ်ဗျ။ ရုရှားပရိသတ်တွေက လေသံမြန်မြန်နဲ့ စကားပြောတာမျိုး သိပ်မကြိုက်ကြဘူး” ဟု ကီရယ်လော့ဗ်က သူ့အတွေ့အကြုံကို တာဝန်မှ အနားယူချိန်၌ သတိတရဖြင့် မှတ်ချက်ချခဲ့သည်။