CNI International News

ဘရာဇီလျံ၊ နိုဝင်ဘာ ၆

ဘရာဇီး ခေတ်ပေါ် အဆိုတော်တစ်ဦးဖြစ်သည့် မာရယ်လီယာမန်ဒွန်ဆာ (Marilia Mendonca) သည် အသက် ၂၆ နှစ် အရွယ် တွင် နိုဝင်ဘာ ၅ ရက်၊ ညနေပိုင်း လေယာဉ်ပျက်ကျရာ၌ ပါဝင်သွားခဲ့ရာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်ဟု ဘီဘီစီ အင်္ဂလိပ်ပိုင်းဝက်ဘ်ဆိုက်တွင် သတင်းဖော်ပြထားသည်။

၎င်း၏ဦးလေး၊ တေးထုတ်လုပ်သူနှင့် ဝန်ထမ်းနှစ်ဦးတို့လည်း ဘရာဇီးနိုင်ငံ အရှေ့တောင်းရှိ မိုင်နက်ဂါရေးစ်ပြည်နယ်၊ ကျေးလက်ဒေသ၌ အဆိုပါ လေယာဉ် မတော်တဆ ပျက်ကျမှုတွင် ပါဝင်၍ ကွယ်လွန်သွားခဲ့ကြသည်။

မာရယ်လီယာမန်ဒွန်ဆာတို့ စီးနင်းလိုက်ပါသွားသောလေယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို သိရှိနိုင်ရန် ဘရာဇီးအစိုးရ ဘက်မှ စုံစမ်းစစ်ဆေးလျက်ရှိသည်။

၂၀၁၉ ခုနှစ်တွင် လက်တင်ဂရမ်မီဆုရှင် ဖြစ်လာခဲ့သော မန်ဒွန်ဆာသည် အမျိုးသမီးများ၏ မအောင်မြင်သော ဆက်ဆံရေး အတွေ့အကြုံများကို အထူးအာရုံစိုက် အလေးပေးခြင်းကြောင့် ကမ္ဘာ့ဂီတလောကတွင် နာမည်ကျော်ကြား ရေပန်းစားလာခဲ့ သည်။

ပုံ-မာရယ်လီယာမန်ဒွန်ဆာ စီးနင်းလိုက်ပါလာတဲ့လေယာဉ်ပျက်သည်ကိုတွေ့ရစဉ်။(Reuters)

ဆာတာနီဂျိုဟု ခေါ်သည့် ဘရာဇီးကျေးလက်ဂီတ အသိုင်းအဝိုင်းထဲမှ ကြယ်ပွင့်တစ်ပွင့်ဖြစ်လာသူ မန်ဒွန်ဆာသည် ဆယ်ကျော်သက် အရွယ်ကတည်းက အနုပညာလုပ်ငန်း စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်၌ ဖောက်ပြန်မှုအကြောင်း ဖော်ကျူး သီဆိုထားသည့် အင်ဖီရယ် (Infiel) သီချင်းဖြင့် ပြည်တွင်း၌ တရှိန်ထိုး အောင်မြင် ကျော်ကြားသွားခဲ့သည်။

သူမကို “ဒုက္ခဘုရင်မ”ဟုပင် ဘရာဇီး တေးချစ်ပရိသတ်များက ချစ်စနိုးခေါ်ဝေါ်ခဲ့ကြသည်။

ယမန်နှစ်က ကပ်ရောဂါကြောင့် စီစဉ်ပြီးသား ဂီတဖျော်ဖြေပွဲများ ဖျက်သိမ်းခဲ့ရသဖြင့် မန်ဒွန်ဆာသည်လည်း အွန်လိုင်းမှနေ၍ ပရိသတ်များကို ဖျော်ဖြေခဲ့ရသည်။ သူမ ဆိုပြခဲ့သည့် သီချင်းတစ်ပုဒ်သည် YouTube တွင် ကြည့်ရှုမှု ၃ ဒသမ ၃ သန်းရှိသဖြင့် ကမ္ဘာပေါ်တွင် တိုက်ရိုက်ကြည့်ရှုမှု နှုန်းများထဲ၌ စံချိန်တင်သွားခဲ့သည်။

၂၀၂၀ ပြည့်နှစ်၌ စပေါ်တီဖိုင်း (Spotify) အွန်လိုင်းပလက်ဖောင်း၌လည်း ဘရာဇီးပရိသတ်တွေအကြား မန်ဒွန်ဆာ၏ သီချင်း များမှာ နားဆင်သူ အများဆုံး ရရှိခဲ့သည်။

နှစ်နှစ်အရွယ် သားတစ်ဦး၏ မိခင်ဖြစ်သူ မန်ဒွန်ဆာသည် လေယာဉ်ပျက်ကျခဲ့သည့်နေရာမှ ၁၂ ကီလိုမီတာ (၇မိုင်) ကွာဝေး သည့် ကာရာတင်ဂါမြို့၌ နိုဝင်ဘာ ၅ ရက် ညနေခင်း ဂီတဖျော်ဖြေပွဲသို့ သွားနေစဉ် ရုတ်တရက် ကွယ်လွန်သွားခဲ့ရခြင်း ဖြစ် သည်။

အဆိုပါ လေယာဉ် မတော်တဆ ဖြစ်ပွားခင် နာရီပိုင်းအလိုတွင် ၎င်း၏ ကိုယ်ပိုင်လေယာဉ်ပေါ် တက်ရန် ပြင်ဆင်နေသည့် ဗီဒီယိုဖိုင်ကို မန်ဒွန်ဆာက လူမှုကွန်ရက်ပေါ် လွှင့်တင်ခဲ့သေးသည်။