CNI International News

ဟူစတန်၊ နိုဝင်ဘာ ၉

အမေရိကန်ရက်ပ်အဆိုတော် ထရာဗစ်စကော့ (Travis Scott) သည် တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့၌ နိုဝင်ဘာ ၅ ရက်၊ ညပိုင်းက ကျင်းပခဲ့သည့် Astroworld ပွဲတော်တွင် အနည်းဆုံး လူ ၈ ဦးသေဆုံးပြီး ရာနှင့်ချီပြီး ဒဏ်ရာ ရရှိခဲ့မှုဖြစ်စဉ်၌ ၎င်း၏တာဝန်မကင်းဟု စွပ်စွဲခံရကာ တရားစွဲဆိုမှုများနှင့် ရင်ဆိုင်နေရကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းဝက်ဘ်ဆိုက်တွင် သတင်းဖော်ပြထားသည်။

ထရာဗစ်စကော့နှင့် ပူးတွဲဖျော်ဖြေသူ ဒရိတ် (Drake)တို့သည် ပရိသတ်အတွင်း ရုန်းရင်းဆန်ခတ်ဖြစ်စေရန် လှုံ့ဆော်ခဲ့ကြောင်း ဒဏ်ရာရရှိသွားခဲ့သည့် လာရောက်ကြည့်ရှုသူတစ်ဦးက စွပ်စွဲခဲ့ပြီး နစ်နာကြေး ဒေါ်လာ ၁ သန်းတောင်းခံခဲ့သည်။ထို့အပြင် ပွဲစီစဉ်သူ Live Nation သည်လည်း ပွဲခင်းအတွင်း ဘေးကင်းစေရေးအစီအမံများ လုံလောက်စွာချထားမှုမရှိဟူ၍ လည်း စွဲချက်အတင်ခံထားရသည်။

ထိုသို့ စွပ်စွဲချက်အရေးယူမှုများအပေါ် ရက်ပ်ပါများနှင့် Live Nation တို့က တိုက်ရိုက်တုံ့ပြန်ခြင်းမရှိပေ။

သို့သော် သေဆုံးသွားသူများ၏မိသားစုများကို ကူညီဖို့ လုပ်နေကြောင်း ထရာဗစ်စကော့က ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာ တက္ကဆက်ပြည်နယ်ရှိ ပွဲတော်အတွင်း သေဆုံးခဲ့သူများထဲတွင် အငယ်ဆုံးသူမှာ အသက် ၁၄ နှစ်သာ ရှိသေးသည်။

ဖျော်ဖြေပွဲ၌ နိုဝင်ဘာ ၅ ရက် ဒေသစံတော်ချိန် ည ၉း ၁၅ နာရီတွင် လူအုပ်ကြီးသည် စင်မြင့်ရှေ့သို့ လှိုင်းလုံး သဖွယ် စတင်တိုးဝှေ့လာခဲ့စဉ် ထရာဗစ်စကော့ ကစင်ပေါ်တက်လာခဲ့သည်။ ယင်းနောက် ပရိသတ်များထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။

တွစ်တာလူမှုကွန်ရက်၌ ထုတ်ပြန်ချက်တစ်ခုတွင် ဟူစတန်မြို့ရဲအကြီးအကဲ ထရိုင်ဖင်နာက “မိမိအနေဖြင့် လုံခြုံရေးစိုးရိမ်မှုရှိ၍ ပွဲမစတင်မီ ထရာဗီယစကော့နှင့် ၎င်းတို့အဖွဲ့တာဝန်ရှိသူများထံ ခေတ္တတွေ့ဆုံခဲ့သေး ကြောင်း” ရေးသားလွှင့်တင်ထားသည်။

ပွဲခင်းထဲရှိ ပရိသတ်များထံ မူးယစ်ဆေးဝါးဖြန့်ဝေခဲ့သည်ဆိုသော သတင်းများလည်းထွက်ပေါ်ခဲ့သဖြင့် မိမိတို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ဟူစတန်ရဲတပ်ဖွဲ့က ပြောကြားသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ အမေရိကန် FB I ဗျူရိုညွှန်ကြားရေးမှူး ခရစ္စတိုဖာဝှေးက “၎င်းတို့ဗျူရိုအနေဖြင့် စုံစမ်း စစ်ဆေးနေသူများကို နည်းပညာပိုင်းအကူအညီပေးနေကြောင်း” ထုတ်ဖော်ပြောကြားခဲ့သည်။