CNI International News

မန်ဖစ်(တင်နစီ)၊နိုဝင်ဘာ ၁၈

စစ်မှန်သောအနုပညာနှင့်လွတ်လပ်စွာထိုးဖောက်နိုင်မှုတို့ကြောင့် အမေရိကန်ဟစ်ဟော့အသိုင်းအဝိုင်းတွင် နှစ်ခြိုက်အားပေးမှု ရရှိခဲ့သည့် ရက်ပ်အဆိုတော် ယန်းဒေါ့ဖ်သည် နိုဝင်ဘာ ၁၇ ရက်က အမေရိကန်နိုင်ငံ၊ တင်နစီပြည်နယ်ရှိ ၎င်း၏ဇာတိဖြစ်သော မန်ဖစ်မြို့တွင် သေနတ်ဖြင့် အသေပစ်သတ်ခံရ၍ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားသည်ဟု အေပီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

မန်းဖစ်မြို့လေဆိပ်အနီး မာကီဒါကွတ်ကီးမုန့်ဆိုင်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါလူသတ်မှု၌ ဖြစ်နိုင်ခြေရှိသည့် သံသယတရားခံကို ထုတ်ပြန်ရန် မိမိတို့ထံတွင် အချက်အလက်မရှိကြောင်း နယ်မြေခံရဲတပ်ဖွဲ့က တွစ်တာ လူမှုကွန်ရက်တွင် ရေးသားထားသည်။

“ရက်ပ်အဆိုတော် ယန်းဒေါ့တစ်ယောက် ကြေကွဲစရာ ပစ်သတ်ခံရတဲ့အတွက် ရာဇဝတ်မှု ကျူးလွန်ခြင်းရဲ့ နာကျင် ခံစားရမှုကို သတိပေးလိုက်တာပဲဖြစ်ပါတယ်” ဟု မန်ဖစ်မြို့တော်ဝန် ဂျင်စရိုက်လန်း၏ ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသက် ၃၆ နှစ်အရွယ်တွင် ကွယ်လွန်သွားရှာသည့် ယန်းဒေါ့ဖ်သည် နိုဝင်ဘာ ၁၅ ရက်က မန်ဖီမြို့သို့ ပြန်လည် ရောက်ရှိလာပြီး ကင်ဆာရောဂါခံစားနေရသည့် အဒေါ်တစ်ဦးထံသို့ ကြက်ဆင်များလက်ဆောင်လာပေးခဲ့ကြောင်း ၎င်းနှင့်ဝမ်းကွဲတော်စပ်သူ မာရီနိုမိုင်ယာစ်က ပြောကြားသည်ဟု ၎င်းမြို့မှထုတ်ဝေသည့် ဒေးလီးမန်ဖီယန် သတင်းစာက ရေးသားထားသည်။

“သူက မာကီဒါဆိုင်ထဲမှာ ရှိနေတုန်းက လူတစ်ယောက်ကနေ သူ့အပေါ် အတင်းဝင်လုံးပြီး ပစ်သတ်သွားတာပါ” ဟု မာရီနိုမိုင်ယာစ်က ရှင်းပြသည်။

ပြီးခဲ့သည့်သီတင်းပတ်ကပင် အဆိုပါကွတ်ကီးမုန့်ဆိုင်မှ ကွတ်ကီးများကို ပြသကြော်ငြာနေသည့် ဗီဒီယိုဖိုင်ကို ရက်ပ်ပါယန်းဒေါ့ဖ်၏အင်စတာဂရမ်တွင် လွှင့်တင်ခဲ့သေးပြီး မန်ဖစ်မြို့သို့ သူပြန်ရောက်တိုင်း မာကီဒါကို ဝင်ခဲ့ ဦးမည်ဟု စာတန်းထိုးခဲ့သည်။

ပစ်ခတ်မှုအပြီးတွင် အဆိုပါဆိုင်အနီး၌ ဝိုင်းဝန်းကြည့်ရှုသူ လူအုပ်ကြီးဖြင့် ပြည့်နှက်သွားခဲ့သည်။

နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းတွင် မန်ဖစ်မြို့ ရဲမှူး စီရီလင်းစီဂျေဒေးဗစ်က လူအုပ်ကြီးကို ငြိမ်သက်စွာနေပေးရန် မေတ္တာရပ်ခံခဲ့ပြီး ထိုနေ့ညအတွက် နေအိမ်များတွင်သာ နေထိုင်ပေးကြရန် အကြံပြုခဲ့သည်။ အဆိုပါမြို့တွင် အလားတူ အခြားပစ်ခတ်မှုများလည်း ရှိခဲ့သေးရာ ထိုပစ်ခတ်မှုများနှင့် ရက်ပ်အဆိုတော်သေဆုံးမှု ဆက်စပ် သည်ဟု ရဲတပ်ဖွဲ့အနေဖြင့် ယူဆသည့်အကြောင်းကိုတော့ စီရီလင်းစီဂျေဒေးဗစ်က မပြောကြားခဲ့ပေ။

၂၀၁၉ ခုနှစ်က အသတ်ခံခဲ့ရသော လော့အင်ဂျလိစ်မြို့မှ ရက်ပ်အဆိုတော် နစ်ဆေးဟက်စလီကဲ့သို့ပင် ယန်းဒေါ့ဖ် သည် ဂီတလုပ်ငန်းကို လွတ်လပ်စွာလျှောက်လှမ်းခဲ့သူဖြစ်သည်။ သူ၏ Paper Route Empire တံဆိပ်ဖြင့် သူ့ဂီတ ကို ထိန်းချုပ်ခဲ့သည်။ ယင်းအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ခဲ့သော “အညစ်အကြေးများကို စိန်များအဖြစ် ပြောင်းလဲခြင်း” Turned Dirt Into Diamonds ဟု ခေါင်းစီးပေးထားသည့် ၂၀၁၈ မီနီရုပ်သံမှတ်တမ်းတွင် ယန်းဒေါ့ဖ်က “ကျနော် ရာနှုန်းပြည့် ပိုင်ဆိုင်တဲ့ အဲဒီဂီတပုံစံအတွက် နောက်ထပ်အမြင်တစ်ခု ရှိပါတယ်။ လူတော်တော်များများကတော့ ကျနော် မြင်သလို မမြင်ကြဘူး” ဟု ပြောကြားခဲ့ဖူးသည်။

ချီကာဂိုမြို့တွင် မွေးဖွားခဲ့ပြီး ငယ်နာမည် အဒေါ့ဖ်သွန်တွန်ဂျူနီယာဟုခေါ်သော ယန်းဒေါ့ဖ်သည် နှစ်နှစ်သား အရွယ်ကတည်းက မန်ဖီမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ သူသည် 2008 ၌ “Paper Route Campaign” နှင့် ၎င်း၏ 2016 ပွဲဦးထွက် “King of Memphis” အပါအဝင် စတူဒီယိုအယ်လ်ဘမ်များစွာဖြင့် အောင်မြင်ကျော်ကြား ခဲ့သည်။ ၎င်း၏တေးအယ်လ်ဘမ် ၃ ချပ်သည် Billborad ၂၀၀ စာရင်း၌ ထိပ်တန်း ၁၀ နေရာ၌ ရပ်တည်နိုင်ခဲ့သည်။  

Source: AP