ဘားဘန့်(ကယ်လီဖိုးနီးယား)၊အောက်တိုဘာ ၁၂
DC Comics ကာတွန်းထုတ်လုပ်ရေးမှ ၎င်း၏နောက်ဆုံးထွက် စူပါမန်း ဂျွန်ကန့်(Jon Kent)၏ ဇာတ်ကောင် စရိုက်သည် လိင်တူ/လိင်ကွဲနှစ်မျိုးစလုံးစိတ်ဝင်စားသူ(bisexual) ဖြစ်မည်ဟု ထုတ်ဖော်ကြေညာခဲ့ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
လာမည့် နိုဝင်ဘာလတွင် ဖြန့်ချိမည့် ၎င်းကာတွန်းစာအုပ်ထုတ်ဝေမှု၌ စူပါမန်းသည် ၎င်းနှင့်ရင်းနှီးကျွမ်းဝင်သူ ဂျေးနာကာကူမာ(Jay Nakamura)နှင့် လိင်တူဆက်ဆံရေးရှိသည့်အကြောင်း ပုံဖော်တင်ဆက်မည်ဟု ဆိုသည်။
အဆိုပါဇာတ်လမ်းကို ကယ်အီးအိုင်၏သား ‘စူပါမန်း’ (Superman: Kal EI of Son) ဟု အမည်ပေးထားပြီး နောက်ဆုံးထွက် စူပါမန်းဇာတ်လိုက်က ဖခင်ဖြစ်သူ ကလပ်ကန့်(Clark Kent) ထံမှ စူပါမန်းဝတ်စုံကို အမွေ ဆက်ခံဆင်မြန်းထားသည်။
ယခုကဲ့သို့ နောက်ဆုံးထွက် စူပါမန်းအကြောင်းကို DC Comics က အမေရိကန်နိုင်ငံ၌ နှစ်စဉ် LGBT အသိပညာ ပေးရေးလှုပ်ရှားနေကျ National Coming Out နေ့တွင် ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။
Photo- DC comics
ပြီးခဲ့သည့်ဇူလိုင်လက စူပါမန်းစီးရီးကို ဖြန့်ချိခဲ့ရာ ဇာတ်လိုက် ဂျွန်ကန့်က ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသော တောမီးများကို သည်းထိတ်ရင်ဖို ဖြတ်သန်းခဲ့ပုံ၊ အထက် တန်းကျောင်းတစ်ကျောင်းကို ပစ်ခတ်စီးနင်းရာတွင် ဝင်ရောက်ကယ်ဆယ်ပုံနှင့် ဒုက္ခသည်များကယ်ထုတ်ပုံများကို ဇာတ်လမ်းဆင် ဖန်တီးထားသည်။
ယခုလာမည့်ဇာတ်လမ်းတွင်တော့ စူပါမန်းဇာတ်လိုက်သည် ပန်းရောင်ဆံပင်ပိုင်ရှင် သတင်းထောက် ဂျေးနာကာကူမာနှင့် လိင်တူချင်း ချစ်ကျွမ်းဝင်ကြပုံများ ပါဝင်မည်ဟု သိရသည်။ ဇာတ်လိုက်သည် သူ ဖြတ်သန်း သွားလာသမျှ နေရာများတွင် လူသားများကို ကယ်တင်ဖို့ ကြိုးစားခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပူလောင်ပင်ပန်းခဲ့သမျှကို အထိအတွေ့များဖြင့် ဖြေဖျောက်သည့်အကြောင်း ထည့်သွင်းထားသည်ဟု DC ကာတွန်း ထုတ်လုပ်ရေးက ပြောကြားခဲ့သည်။
ဇာတ်ကြောင်းအသေးစိတ်ကို ထုတ်ဖော်ကြေညာခြင်းမရှိသေးသော်လည်း DC ကာတွန်းထုတ်လုပ်ရေးမှ ဖြန့်ဝေ ကြော်ငြာသောပုံများတွင် ဂျွန်နှင့်ဂျေးတို့၏အနမ်းများ ပြသထားသည်။
ဇာတ်လမ်းတွဲရေးသားသူ တွမ်တေလာက သူ့ထံ စူပါမန်းဇာတ်လမ်းဖန်တီးဖို့ လာရောက်ကမ်းလှမ်းသောအခါ သူက “ ဒီနေ့ စူပါမန်း ဘာဖြစ်သင့်သလဲ” ဟု အရင်ဆုံး စဉ်းစားခဲ့သည်။
“ကျနော်တို့က သမားရိုးကျအတိုင်း ကယ်တင်ရှင်စရိုက်နဲ့ ကလပ်ကန့်နေရာ ဆက်ခံသူကို ပုံဖော်လိုက်ရင် လွဲချော်နိုင်သွားစရာရှိနေပါတယ်” ဟု တွမ်တေလာက ပြောကြားခဲ့သည်။
သားစူပါမန်းဖြစ်သူ ဂျွန်ကန့်ကို လိင်တူ/လိင်ကွဲစိတ်ဝင်စားသူအဖြစ် စိတ်ကူးချပြရန်ကြိုးစားစဉ် DC ကာတွန်း ထုတ်လုပ်ရေးက တွမ်တေလာ၏စိတ်ကူးကို လွဲချော်နေပြီဟု မှတ် ချက်ချခဲ့သည်။
စူပါမန်းဇာတ်ကောင်ကို DC အမေရိကန်ကာတွန်းစာအုပ်ထုတ်ဝေရေးလုပ်ငန်းက ၁၉၃၈ ခုနှစ်ကတည်းက စတင်မွေးဖွားပေးခဲ့ခြင်းဖြစ်သည်။