လန်ဒန်၊ အောက်တိုဘာ ၁၁
ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရိုက်(Daniel Craig) သည် မကြာသေးမီက စတာလင်ပေါင် ၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၃,၆၄၀) အား ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်မှုမှ ကာကွယ်တားဆီးနိုင်ရေးအတွက် မိုင် ၃၀၀ ကျော်လမ်းလျှောက်လှုပ်ရှားနေကြသည့် ဗြိတိန်ဖခင် ၃ ဦးအဖွဲ့ထံသို့ လှူဒါန်းပေးအပ်ခဲ့ကြောင်း Channel News Asia ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
မင်းသားကြီးအနေဖြင့် ကျေးဇူးအတင်ခံလို၍ ယခုကဲ့သို့ လှူဒါန်းခြင်းမဟုတ်ဘဲ ကွဲပြားခြားနားမှုတစ်ခုကို ရည်ရွယ်ခြင်းသာဖြစ်ကြောင်း အဆိုပါအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Sky News မီဒီယာသို့ ပြောကြား ခဲ့သည်။
“သူ့အနေနဲ့ ကျနော်တို့ဆီကို မသိမသာ အလှူငွေပို့လိုက်တာဖြစ်ပါတယ်။ ကျနော်တို့က ခြေရာခံ စုံစမ်းကြည့်မှ အလှူရှင်က သူဖြစ်နေတယ်။ အဲဒါ သိပ်အံ့ဩစရာကောင်းပါတယ်” ဟု အဆိုပါပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။
ပုံစာ(၂)- ဗြိတိန်မှ ဖခင် ၃ ဦးအဖွဲ့ဝင်များဖြစ်သည့် အင်ဒီအိုင်ရေး၊ မိုက်ပလန်မာနှင့် တင်အိုဝင်(ဓါတ်ပုံ - PA)
ဗြိတိန်မှ ဖခင် ၃ ဦးအဖွဲ့တွင် အင်ဒီအိုင်ရေး၊ မိုက်ပလန်မာနှင့် တင်အိုဝင်တို့ပါဝင်ဖွဲ့စည်းထားကြပြီး ၎င်းတို့၏ သမီးငယ်များသည် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခံခဲ့သူများဖြစ်ကြသည်။ သွားလေသူ သမီးများအတွက် အဆိုပါ ဖခင် ၃ ဦးတို့ ပေါင်းစုလျက် အောက်တိုဘာ ၉ ရက်က သေကြောင်းကြံစည်မှုကာကွယ်ရေး ရည်ရွယ်ချက်ဖြင့် အမှတ်တရခရီးတစ်ခုထွက်ခွာခဲ့ကြရာတွင် ဂျိမ်းစ်ဘွန်းမင်းသားကြီးက ယခုကဲ့သို့ မမျှော်လင့်ဘဲ အံ့အားသင့်စရာ ပေးပို့လှူဒါန်းလိုက်ခြင်းဖြစ်သည်။
“အဖေတွေအနေနဲ့ ကျနော်တို့ ပြောရရင်တော့ မတူညီတဲ့ ဇာတ်လမ်း ၃ ပုဒ် ကိုယ်စီရှိကြတယ်ဗျ။ ဒါပေမယ့် တူညီတာက ဇာတ်လမ်းတစ်ခုချင်းစီမှာ ကြေကွဲစရာအဖြစ်အပျက်နဲ့ အဆုံးသတ်ခဲ့ရတာပါ။ သေကြောင်း ကြံစည်သွားတဲ့ သမီးလေးကို ရင်နင့်စရာ ဆုံးရှုံးလိုက်ရတဲ့ ဘဝတူ အဖေတွေပါပဲ” ဟု အင်ဒီမိုင်ရေးက Sky News မီဒီယာသို့ ဆက်လက်ရှင်းပြသည်။
“ကျနော်နဲ့ ကျနော့်မိသားစု ခံစားနေရတာကို မင်းသားကြီးက အပြုသဘောဆောင် ကူညီတာ အင်မတန် ကျေးဇူးတင်ပါတယ်။ အလားတူပံ့ပိုးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
၎င်းအမည်ကို အသိအမှတ်ပြု၍ ထုတ်ဖော်ခဲ့ခြင်းကြောင့် ဒန်နီယယ်ခရိုက်က ဝမ်းမြောက်ဝမ်းသာဖြစ်ပါကြောင်း စာတိုတစ်စောင်ကို မိမိတို့အဖွဲ့ထံ ပြန်လည်ပေးပို့ခဲ့သည်ဟု အင်ဒီမိုင်ရေးက ဗြိတိန်နိုင်ငံထုတ် ဂါးဒီးယန်း သတင်းစာသို့ ပြောသည်။