၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၄

မြန်မာနိုင်ငံတွင် ကိုဗစ်ကာအတွင်း၌ အဝေးပြေး ယာဉ်လိုင်းပြေးဆွဲမှုမှာ ၂၀ ရာခိုင်နှုန်းခန့်နှင့် ခရီးသည်သွားလာ မှုမှာ ၄ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။

ကိုဗစ်မဖြစ်ခင် ပုံမှန်ကာလတွင် တစ်ရက်လျှင် ခရီးသည် ၂၅၀၀၀ (နှစ်သောင်းခွဲ) ခန့်သွားလာမှုရှိပြီး ပြေးဆွဲသည့် ယာဉ်လိုင်းမှာ ၁၀၀၀ (တစ်ထောင်) ခန့် ရှိသည်။

သို့သော် ကိုဗစ်ဖြစ်ပြီးနောက်ပိုင်း လက်ရှိ စက်တင်ဘာ ၃ ရက်နေ့အထိ ခရီးသည် ၁၀၀၀ (တစ်ထောင်) ကျော် သာရှိသလို ယာဉ်အစီးရေမှာလည်း ၁၀၀ (တစ်ရာ) ကျော်သာ ပြေးဆွဲနေရကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြော သည်။

ဦးလျန်ကျင့်မန်က “ခရီးသည်ရှိလို့ရှိရင်တော့ ယာဉ်ကရှိတယ်လေ။ ယာဉ်ကရှိတော့ ကျနော်တို့ပြေးပေးမှာ။ ယာဉ်ပိုင်ရှင်တွေလည်း ပြေးချင်တယ်။

ယာဉ်မောင်းတွေလည်း သွားချင်တယ်လေ။ ဒီဟာ ရပ်လို့ရှိရင်တော့ စားဝတ်နေရေးတွေ မပြေ လည်ဘူးလေနော်။ သွားချင်နေတာ။ ရပ်နေရတာက ခရီးသည်မရှိလို့ ရပ်နေရတာ လေ။ ခရီးသည်တွေ ရှိလာ တယ်ဆိုရင် ပုံမှန်ကာလ ပြန်ဖြစ်သွားတယ်ဆိုရင် သူ့ဟာသူ ကားကတော့ ရှိပြီးသား” ဟု ပြောသည်။

ကိုဗစ်ကာလ ဖြစ်သည့်အတွက် Social distancing လိုက်နာရန် ခရီးသည်များအနေဖြင့် အဝေးပြေး ယာဉ်လိုင်းစီး မည်ဆိုပါက လက်မှတ်အား ၂ ခုံစာ ဝယ်ယူရသည်။

ဦးလျန်ကျင့်မန်က “ဒီဟာတွေကတော့ ခုံ ၂ ခုံစာ ဝယ်ရတာတွေကြောင့်လည်း ပါနိုင်တာပေါ့။ ဒါပေမယ့် မဖြစ် မနေ သွားမယ့်သူတွေ ပဲ သွားတော့တာပေါ့။
အဓိကက အကုန်လုံးရပ်နေတာကိုး။ စီးပွားရေးရော၊ လုံခြုံရေးရော၊ အဲ့ဒါတွေလည်း ပါမှာ ပေါ့” ဟု ဆိုသည်။

ယခုကာလသည် ခရီးသည်သွားလာမှု မရှိသလောက် နည်းပါးသည့်အတွက် အဝေးပြေးယာဉ်လိုင်းများ အနေ ဖြင့် ကုန်များတင်ကာ ပြေးဆွဲနေရကြောင်း သိရသည်။

လက်ရှိသည် ကိုဗစ်ကာလနှင့် နိုင်ငံရေး မတည်ငြိမ်သည့် ကာလဖြစ်သည့်အတွက် စစ်ဆေးရေးဂိတ်များလည်း ပုံမှန်ထက် များလာခြင်းကြောင့် ခရီးသည်များအနေဖြင့် မသွားလာကြခြင်းဖြစ်ကြောင်း အောင်မင်္ဂလာ အဝေး ပြေးဝင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုလ (စက်တင်ဘာလ) ကုန်ပိုင်းလောက်တွင် အဝေးပြေးကွင်းရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ အပါအ၀င် ကုန်တင်ကုန်ချသမားများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရန် စာရင်းကောက်ယူထားကြောင်း အောင်မင်္ဂလာအဝေးပြေးဝင်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။