၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်နှင့် ဗန်းမောက်မြို့နယ်တို့အကြား နယ်ချင်းဆက် မြေသား လမ်းအတွင်းရှိ နမ့်ကုတင်ချောင်းကူးတံတားကို ကိုယ်ထူကိုယ်ထဖြင့် တည်ဆောက်သွားမည်ဟု တံတားဖြစ် မြောက်ရေးကော်မတီမှ အတွင်းရေးမှူး စိုင်းသန်းထွန်းဦးက CNI သတင်းဌာနကို ပြောသည်။
ဟုမ္မလင်းမြို့နယ် သျှမ်းနီစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးစီး၍ မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များ၊ ပြည်သူ လူထုများနှင့် ပူးပေါင်းတည်ဆောက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
နမ့်ကုတင်တံတား တည်ဆောက်ရန် ကုန်ကျစရိတ်အတွက် သိန်း ၃၀၀၀ ခန့်မှန်းထားသော်လည်း အင်ဂျင်နီယာ များက ချောင်း၏ အနေအထား၊ ဆောက်မည့် တံတားပုံစံနှင့် တွက်ချက်ကြည့်ရာ ၎င်းထက် ပိုကုန်ကျသည်ဟု စိုင်းသန်းထွန်းဦးက ဆိုသည်။
“လောလောဆယ် ကျနော်တို့ တတ်နိုင်တဲ့ အင်အားနဲ့ ဆောက်မယ်လို့ မှန်းထားတာ သိန်း ၂၀၀၀ ကျော်၊ ၃၀၀၀ လောက်တော့ မှန်းတယ်။ သို့သော်လည်း အင်ဂျင်နီယာတွေ ခေါပြီးတော့ မြေနေရာကို ပြတယ်ပေါ့။ သုံးလေး နေရာ လောက်ကြည့်တယ်။ အဲဒီနေရာလေး ကြိုက်တယ်။ ရွာထိပ်နားလေး ကြိုက်တယ်ဆိုတော့ အဲဒီနေရာ အနေအထားနဲ့ ဖြစ်ချင်တဲ့ တံတား အနေအထား ပြောပြလိုက်တော့ သိန်း ၈၀၀၀ လောက်ကျသွားတယ်။ သူတို့ တွက်ပြသွားတယ်”ဟု စိုင်းသန်းထွန်းဦးက ပြောသည်။
လက်ရှိတည်ဆောက်မည့် တံတားမှာ အရှည် ပေ ၂၄၀ နှင့် အကျယ်အဝန်း ၂၄ ပေ ကားနှစ်စီးသွားနိုင်သည်ဟု ၎င်းက ပြောသည်။
နမ့်ကုတင်ချောင်း၏ ရေပြင်အကျယ်မှာ ပေ ၁၄၀ ရှိပြီး တောင်ကျချောင်းရေကြောင့် ရေအတက်အကျ မြန်ဆန် သည်ဟု သိရသည်။
နမ့်စက်ဒေသခံ တစ်ဦးဖြစ်သူ ဦးထွန်းကြည်က တံတားတည်ဆောက်ခြင်းကြောင့် ဒေသခံပြည်သူများ လမ်းပန်း ဆက်သွယ်ရေး၊ စီးပွားကူးသန်း ရောင်းဝယ်ရေးများ လွယ်ကူသွားနိုင်သည်ဟု ဆိုသည်။
ဦးထွန်းကြည်က “ အဲဒီတံတား ရသွားပြီဆိုရင်တော့ ဗန်းမောက်နဲ့က ရသွားပြီးလေ။ အဲဒီချောင်းက တအားခက်ခဲ တယ်။ နွေ၊ မိုး၊ ဆောင်း သွားလို့ မရဘူးလေး။ အခုလို မိုးတွင်းဆို ဘယ်လိုမှ သွားလို့မရတော့ဘူး”ဟု ပြော သည်။
လက်ရှိ တံတားတည်ဆောက်သည့်လမ်းမှ အောက်မြန်မာပြည် သို့မဟုတ် အထက်မြန်မာပြည်သို့ ကားလမ်း ခရီးဖြင့် သွားပါက ယခုအသုံးပြုနေသည့် ကားလမ်းထက် အချိန် ၅ နာရီခန့် သက်သာမည်ဟု စိုင်းသန်းထွန်းဦး က ဆိုသည်။
“စစ်ကိုင်းတိုင်း အထက်ပိုင်း သျှမ်းနီတွေနေထိုင်တဲ့ ဟုမ္မလင်းကနေ မြန်မာပြည်အောက်ပိုင်းကို သွားမယ်ဆိုရင် လမ်းခရီးက တော်တော်ကို ခက်ခဲတဲ့ အနေအထားရှိတာပေါ့လေ။ အခုလက်ရှိ အနေအထားအရ ပြောရရင် အခု မိုးတွင်းကာလမှာ ကားတွေဆိုရင် လုံးဝသွားလို့ မရတဲ့ အခြေအနေ ဖြစ်နေတာပေါ့လေ။ ဒီတံတားဆောက်ရတဲ့ ရည်ရွယ်ချက်က တံတားဆောက်တဲ့ဘက်က သွားရင် နီးလည်းနီးတယ်။ အချိန်က ၅ နာရီလောက် သက်သာ တယ်”၎င်းက ပြောသည်။
ထို့အပြင် ၎င်းတို့အနေဖြင့် မြန်မာ့ဓါတ်အားလှိုင်း လျှပ်စစ်မီးကို ဗန်းမောက်မှ ဟုမ္မလင်းသို့ သွယ်တန်းရန် ရည်မှန်းထားသည်ဟု စိုင်းသန်းထွန်းဦးက ဆိုသည်။
လက်ရှိ တံတားတည်ဆောက်ပြီးပါက မြို့နယ်လူထုအနေနှင့် သွားရေးလာရေး အဆင်ပြေမှာဖြစ်သလို ၎င်းတို့ မျော်မှန်းထားသည့် လျှပ်စစ်မီး ရရှိခဲ့ပါက မိမိတို့ ဒေသဖွံ့ဖြိုးလာမည်ဟု ဆိုသည်။