၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၄

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်မှုများ တိုးလာနေပြီး လော့ဒေါင်းကန့်သတ်ချက်များ ဆက်လက် အသက်ဝင်နေသေးတာကြောင့် IHS Markit အာဆီယံထုတ်လုပ်မှု PMI™ အညွှန်းကိန်းသည် သြဂုတ်လ တွင် ထုတ်လုပ်မှုအကျဘက်သို့ ဆက်လက်ဦးတည်ခဲ့ကြောင်း သိရသည်။

IHS Markit စီးပွားရေးပညာရှင် Lewis Cooper က"ကိုဗစ်-၁၉ ကူးစက်မှုတွေနဲ့ တင်းကျပ်တဲ့ လော့ဒေါင်း တွေက အာဆီယံထုတ်လုပ်ရေးကဏ္ဍအပေါ် ကြီးမားစွာ အကျိုးသက်ရောက်တာကြောင့် ကျဆင်းမှု ဒဏ်ကို အလူးအလဲ ခံစားနေရဆဲဖြစ်တယ်။ ဖောက်သည်တွေရဲ့ဝယ်လိုအားကလည်း ဆက်တိုက် ကျနေသလို စက်ရုံတွေရဲ့ထုတ်လုပ်မှုကလည်း အရှိန်နဲ့ကျနေတယ်"ဟု သုံးသပ်ပြောကြားထားသည်။

ထိုအခြေ‌အနေများကြောင့် ကုမ္ပဏီများသည် လက်ကျန်အလုပ်များ စံချိန်တင်တိုးလာခဲ့သည့်တိုင်အောင် အလုပ်နေရာများကို လျော့ချခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

ကိုဗစ်-၁၉ ကူးစက်မှုများ တိုးလာနေခြင်းနှင့် လော့ဒေါင်းအစီအစဉ်များ တိုးချဲ့ချမှတ်နေရခြင်း၏ ပြင်းထန်သည့် အကျိုးဆက်များက ကုန်ထုတ်လုပ်မှုကျဆင်းမှုကို မီးမောင်းထိုးပြနေပြီး ကျဆင်းမှု အများဆုံးနှုန်းမှာ မြန်မာ၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံများဖြစ်ကြောင်း ၎င်းကပြောသည်။

ဒါ့အပြင် ကျဆင်းမှုအများဆုံးကို မြန်မာနိုင်ငံတွင်တွေ့ရပြီး ၎င်း၏ PMI™ အညွှန်းကိန်းမှာ ၃၆ ဒသမ ၅ ဖြစ်ကာ မှတ်တမ်းထဲတွင် အနိမ့်ဆုံးဖြစ်ပြီး ဆက်လက်၍ ဗီယမ်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား တို့သည် လည်း အစဉ်လိုက်ကျဆင်းနေသည်။

အာဆီယံထုတ်လုပ်ရေးကဏ္ဍသည် သြဂုတ်လတွင် ကျဆင်းမှုနယ်ပယ်ထဲအခိုင်အမာကျန်ရှိနေကြောင်း စစ်တမ်းကဖော်ပြထားသည်။

IHS Markit ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း(PMI™)ဒေတာများအရ အာဆီယံ ထုတ်လုပ်ရေးကဏ္ဍသည် သြဂုတ်လတွင် ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ကျဆင်းသွားခြင်းမှာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်မှစတင်ပြီး အနည်းဆုံးဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ စက်ရုံများ၏ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များဆက်ပြီး ကျဆင်းလာခဲ့မှုကြောင့် လုပ်ကိုင်မှု အခြေအနေများ ပြင်းထန်စွာ ဆုတ်ယုတ်သွားခြင်းနှင့် ကုန်စည်ထုတ်လုပ်သူတို့၏ လာမည့်တစ်နှစ် အတွင်း ထုတ်လုပ်မှုဆိုင်ရာ မျှော်မှန်းချက်မှာ လပေါင်း ၁၃ လအတွင်း အနိမ့်ဆုံးသို့ ထိုးကျသွားနိုင် ကြောင်း ဆိုသည်။

ရှမ်းပြည်နယ် ပလောင်ဒေသ လက်ဖက်စက်ရုံပိုင်ရှင် ကိုဇော်ညွှန့်က"ကျနော်တို့ဆီမှာက ထုတ်လုပ်မှု တွေက ရပ်သွားတာ။ ဖေဖော်ဝါရီလနောက်ပိုင်းထဲကပဲ။ စက်ရုံလည်း လည်ပတ်မှုရပ်ပြီး အခုတော့ လက်ဖက်တွေ သိမ်းထားတယ်။ အခုလောလောဆယ်ကတော့ ဘာမှလုပ်လို့မရဘူး" ဟု လက်ရှိ ကုန်ထုတ်လုပ်မှုအခြေ‌အနေကို ရှင်းပြသည်။