၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃

ပြည်ပနိုင်ငံများမှ အဝယ်များသည့်အတွက် မြန်မာပြည်တွင်းရှိ ငရုတ်သီးမှာ ဈေးကောင်း ရနေကြောင်း မြန်မာ့ ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။

မြန်မာ့ငရုတ်သီးများအား ထိုင်း၊ မလေးရှား၊ တရုတ် စသည့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေပြီး ဝယ်လက် များ၏ ကြိုက်နှစ်သက်မှု အပေါ်မူတည်၍ ဈေးနှုန်းကွာခြားကြောင်း သိရသည်။

လက်ရှိတွင် မလေးရှားနိုင်ငံမှ ဝယ်လက်များ ကြိုက်နှစ်သက်သည့်အတွက် ပီနှံငရုတ်သီးမှာ ဈေးကောင်းရရှိနေ ကြောင်း မြန်မာ့ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာကျော်က ပြော သည်။

ဒေါ်ဥမ္မာကျော်က “သူ့ရဲ့ ဝယ်လက်ပေါ်မှာ မူတည်ပြီး ဒီဘက်ကလည်း ဈေးကစားကြတာပေါ့။ ဟိုးတလောက သူတို့ သာမိုတွေမှာတယ်။ အခုကျ ပီနှံသီးပေါ့။ ပီနှံသီးလေးတွေက မြန်မာပြည်မှာလည်း ဈေးနည်းနည်း ကောင်း တယ်။ မကိုက်လို့သာ မသွားကြတာလေ။ သူက ၄၀၀၀၊ ၅၀၀၀ လောက်ရှိတယ် ဈေးက (တစ်ပိဿာ)။ ဒါတောင်မှ ဈေးကျတဲ့ထဲမှာ ပါတာ။ သူက ဈေးနည်းနည်း ကြီးတယ်။ စားရင် ဗိုက်မနာဘူးတို့ ဘာတို့” ဟု ဆို သည်။

ငရုတ်သီးများအနက် သာမို ၁၁၊ ၆၉၂၊ ၇၇၇၊ စတားဟော့၊ ဂိုးလ်စတားနှင့် ဆန်ရှိုင်း စသည်တို့ ငရုတ်မျိုးများသည် ပြည်ပနိုင်ငံများတွင် ဈေးကွက်ကောင်းမွန်လျက်ရှိပြီး ၆၉၂ အား ဝယ်လက်အများစု ကြိုက်နှစ်သက်ကြကြောင်း သိရသည်။

ထိုငရုတ်သီးများသည် ယခင်က ပြည်ပနိုင်ငံသို့ တင်ပို့မှု အနည်းငယ်သာရှိခဲ့ပြီး ပြည်ပမှ ဝယ်လက်များက ကြိုက်နှစ်သက်ကြသည့်အတွက် ယခုနောက်ပိုင်းတွင် ပုံမှန်လုပ်ငန်းအနေဖြင့် စိုက်ပျိုးလာပြီး ပြည်ပသို့ တင်ပို့ ရောင်းချလာကြခြင်း ဖြစ်ကြောင်း သိရသည်။

ဧရာဝတီဘက်မှ ငရုတ်သီးစိုက်ပျိုးသည့် ကိုပိုက်က “ကျနော်တို့ဘက်က အခုမှပျိုးကြတုန်း။ ကျနော်တို့က ၁၁ လ ပိုင်းမှ စိုက်တာ။ ကျနော်တို့ ဧရာဝတီက ကုန်း အနိမ့်အမြင့်ပေါ် မူတည်ပြီး စိုက်ကြတာ။ မနှစ်ကတော့ ရောင်း အားက သိပ်မကောင်းဘူး ရောဂါတွေနဲ့ကြောင့်လေ။ ဒီနှစ်ကျတော့ ကျနော်တို့က အခုမှ ပျိုးကြတာပဲ ရှိသေး တယ်။ ပထမပိုင်းလေးပဲ ကောင်းလိုက်တယ်။ ၂ လပိုင်းလောက်ပဲ ကောင်းလိုက်တယ်။ ၃ လပိုင်းကျ မကောင်း ဘူး။ ပြည်ပကတော့ ရောင်းအား ပိုကောင်းတာပေါ့” ဟု ပြောသည်။

ငရုတ်သီးများအား နံနက်အစောပိုင်း၌ သွားခူးကာ နေ့ခင်းပိုင်းမှာ ပွဲရုံသို့ပို့ဆောင်ကြပြီး ညနေပိုင်းတွင် အလုပ် သမားများမှ ငရုတ်သီးများအား စိစစ်ရွေးထုတ်ရ၍ နောက်တစ်နေ့ နံနက်အစောပိုင်းမှသာ အအေးကားပေါ်သို့ တင်ရကြောင်း သိရသည်။

ငရုတ်သီးရွေးရာတွင် လုပ်သားအင်အား အများစု လိုအပ်သည့်အတွက် ကိုဗစ်ကာလ၌ ညမထွက်ရ၊ လူစုလူဝေး မပြုလုပ်ရ စသည့် အချက်များရှိသောကြောင့် အခက်အခဲများရှိကြောင်း သိရသည်။

မြန်မာ့ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဥမ္မာကျော်က “ပထမလှိုင်းတွေက ဂိတ်ပေါက်တွေပိတ်တော့ ဂိတ်မထွက် ဘာမထွက်နဲ့ အဲလိုတားတာတွေရှိတာပေါ့။ အဲမှာလည်း တစ်ကျောပေါ့။ ဒုတိယလှိုင်းမှာကျတော့ တော်တော်များများကြီး ပိတ်ချလိုက်တယ်။ ဒီမှာလည်း ထိခိုက်တာပဲ။ တတိယလှိုင်းမှာ ကျတော့ ပိတ်ပေမယ့် ဒီနေပြည်တော် တပ်ကုန်းဘက်က ပိုဆိုးတယ်။ ပိတ်တော့ အဲက ငရုတ်သီးကို မန္တလေး လမ်းအဟောင်းကနေ တင်ပေးလိုက်တယ်။ တင်ပေးလိုက်တော့ ကျောက်ဆည်ဘက်မှာ တချို့ရွေးကြတယ်။ မဆိုးဘူးပေါ့။ ဒီလိုမျိုးတွေရှိလာတော့ သူတို့ထွက်ပေါက်ကလေးတွေရှိတာပေါ့”ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “ကားအသေးလေးတွေနဲ့ ပို့ပေးတယ်။ လူစုလူဝေးကျတော့ တချို့ခြံလေးတွေမှာ သူတို့ ရွေးကြတယ်။ ကျောက်ဆည်က lockdown ထဲမှာ မပါတဲ့အတွက်။ အဲမှာရွေးပြီး အဲကနေမှ တခါတည်း နိုင်ငံခြား ကို ပို့တယ်။ ဟိုးတုန်းကဆိုရင် ကားတစ်စီးပြည့်မှ ငရုတ်သီးကို ပြည်ပကို ထွက်လို့ရတယ်။ အခု ကိုဗစ် ဖြစ်လာ တော့ ကား အသေးလေးတွေနဲ့ သယ်တာတွေရှိလာတော့ သူတို့မှာသလောက်တွေ ကားအသေးနဲ့ သယ်ပေးနိုင် တော့ မဆိုးဘူးပေါ့” ဟု ဆိုသည်။