CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂


ထူးကုမ္ပဏီနှင့် ထူးကုမ္ပဏီအုပ်စုကိုတည်ထောင်သူ ဦးတေဇအား တပ်မတော်ကို ထောက်ပံ့နေသည်ဟုဆိုကာ ဗြိတိန်အစိုးရက အရေးယူပိတ်ဆို့သွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန ယနေ့ ထုတ်ပြန်ခဲ့သည်။


ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒေါမနစ်ရဲဘ်က “ မြန်မာ့စီးပွားရေး လုပ်ငန်းရှင် ဦးတေဇနဲ့ သူ့ရဲ့ ထူးလုပ်ငန်း စုကို ပိတ်ဆို့ အရေးယူသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာစစ်အာဏာရှင် အပါအဝင် အရပ်သား ပြည်သူတွေ ကို ရက်စက်စွာ သတ်ဖြတ်နှိမ်နင်းမှုတွေကို ထောက်ခံအားပေးနေတဲ့ မည်သူကိုမဆို ယူကေ အစိုးရက ပစ်မှတ် ထား အရေးယူသွားမှာဖြစ်တယ်”ဟု ပြောသည်။


ယခုအရေးယူမှုသည် မြန်မာ့တပ်မတော်နှင့် ပတ်သက်ဆက်စပ်နေသူများကို (၇)ကြိမ်မြောက် ပိတ်ဆို့ အရေးယူ ခြင်းဖြစ်ကြောင်းလည်း ဗြိတိန်အစိုးရ၏ ယနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။


ဦးတေဇသည် မြန်မာ့တပ်မတော်အတွက် လက်နက်များ ဝယ်ယူပေးနေသည့်အတွက်ကြောင့်ဟုဆိုကာ ဗြိတိန် အစိုးရက ထူးကုမ္ပဏီနှင့် ထူးကုမ္ပဏီအုပ်စု တည်ထောင်သူ ဦတေဇ၏ စီးပွားရေးလုပ်ငန်းများကို ဒဏ်ခတ် အရေးယူလိုက်ကြောင်း ယနေ့ ကြေညာချက်မှာ ဖော်ပြထားသည်။


ထို့နောက် ၂၀၁၇ ခုနှစ်အတွင်းက တပ်မတော်က ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဘင်္ဂါလီ များ ရှင်းလင်းရေး အစီအစဉ်မှာ အသုံးပြုရန် လက်နက်ပွဲစား တစ်ဦးအနေဖြင့် ဦးတေဇက နည်းပညာများ ရရှိ ရေး ဘဏ္ဍာငွေကြေး ထောက်ပံ့ပေးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။


ဦးတေဇသည် တပ်မတော်အသိုင်းအဝိုင်းနှင့် နီးစပ်သူဖြစ်ပြီး နအဖ၊ နဝတ လက်ထပ်များတွင် စီးပွားရေး လုပ်ငန်းများ လုပ်ပိုင်ခွင့်ရကာ မြန်မာနိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းထဲမှာ ဝင်လာသူဖြစ်သည်။


ထူးကုမ္ပဏီအုပ်စုသည် လေကြောင်းလိုင်း၊ သစ်ထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ဆောက် လုပ်ရေးလုပ်ငန်း၊ မြေအောက် သံယဇာတ တူးဖော်ရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။