၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂
ရန်ကုန်ရွှေကုန်စည်ဒိုင်သို့ ရွှေအဝင်နည်းပြီး ကုန်သည်၊ လုပ်ငန်းရှင်များ၏ ဝယ်လိုအား ရှိနေသောကြောင့် ပြည်တွင်း ရွှေဈေးရက်ပိုင်းအတွင်း တစ်ကျပ်သားလျှင် ကျပ် ၁၇ သိန်းကျော်အထိ မြင့်တက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)၏ စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်း ပြည်တွင်းရွှေဈေးမှာ ကျပ် ၁ သိန်းကျော်အထိ မြင့်တက်ခဲ့ခြင်းကြောင့် ရန်ကုန်ရွှေလုပ်ငန်း ရှင်များ အသင်းက ရွှေဈေးနှုန်း တည်ငြိမ် အဆင်ပြေစေရေးအတွက် အချက် ၅ ချက် ချမှတ်ခဲ့သော်လည်း ကမ္ဘာ့ရွှေဈေး တက်နေခြင်း၊ အမေရိကန်ဒေါ်လာဈေး အညွှန်းကိန်းများ ဆက်လက်မြင့်နေခြင်း၊ ရွှေကုန်ကြမ်းရှားပြီး ဝယ်လိုအား ရှိနေ ခြင်းတို့ကြောင့် ဈေးနှုန်းများ ဆက်လက် မြင့်တက်နေကြောင်း ရွှေကုန်သည်များက ပြောသည်။
YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က “ဒေါ်လာလည်း မာတယ်၊ ကမ္ဘာ့ရွှေဈေးလည်း မာတယ်။ ဒါကြောင့် ပြည်တွင်းရွှေဈေးက မကျ နိုင်ဘူး ဖြစ်နေတယ်။ နောက်တစ်ခုက ဆိုင်တွေမှာလည်း နေ့စဉ် လာပြန်ရောင်းတာက အရင်ကဆိုရင် နှစ်ပိဿာ၊ သုံးပိဿာ ရှိတယ်။ အဲဒီက အထည်ပျက်နဲ့ ဈေးကွက်ပြန်ပြီးတော့ ကုန်ကြမ်းပြန်ဝင်တယ်။ အခုက ဆိုင်တွေက ပိတ်ရက်ဆိုတော့ ကုန် ကြမ်း ပြန်မဝင်ဘူး။ ပြန်သန့်စင်တဲ့ အကယ်ဒမီဖိုကလည်း ကိုဗစ်ဖြစ်လို့ ပိတ်ထားတယ်။ အဲဒီတော့ ပြန်သန့်စင်ပြီး ကြိုတဲ့ရွှေ ကလည်း အခေါက်ရွှေ ထွက်မလာသေးဘူး။ တောထဲ ရွှေတူးတဲ့ နေရာမှာလည်း လူတွေက တုပ်ကွေးတွေ မိတယ်။ အဲဒီတော့ တွင်းထဲက ရွှေကလည်း ထွက်မလာဘူး။ အဓိကတော့ ဒါတွေကြောင့်ပါပဲ” ဟု လက်ရှိ ရွှေဈေးကွက် အခြေအနေကို CNI သတင်းဌာနသို့ ပြောသည်။
ထို့နောက် လက်ရှိတွင် တော်တော်များများက ပိုက်ဆံကိုင်မည့်အစား ရွှေဘက်သို့ ပြောင်းပြီး ကိုင်လာခြင်းနှင့် ဘဏ်သို့ အပ်နှံ မည့် ငွေကို ရွှေဝယ်ထားခြင်းတို့ကြောင့်လည်း ရွှေဈေးမြင့်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က “အဲဒီတော့ ရွှေက ကုန်ကြမ်းကလည်း ရှားတယ်ဆိုတော့ ဈေးက တက်တယ်။ ရာသီဉတုလည်း ကောင်းပြီး တွင်းက ရွှေထွက်ရင်ရော၊ ရွှေကုန်ချောဖို့က ပြန်လည်ပတ်ရင်တော့ အဆင်ပြေပြီး ဈေးက ပြန်ကျသွားမှာပါ” ဟု ရှင်းပြသည်။
လက်ရှိတွင် ရန်ကုန်ရွှေကုန်စည်ဒိုင်သို့ ရွှေကုန်ကြမ်းအဝင်မှာ ပိဿာချိန် တစ်ဆယ်မှ အချိန် ဆယ့်ငါးပိဿာခန့်သာ အဝင်ရှိ နေပြီး ယခင်ထက် လေးပိဿာမှ ငါးပိဿာအထိ ရွှေဝင်ရောက်မှု လျော့ကျနေကြောင်း၊ ပြည်တွင်း ရွှေဆိုင်များတွင်လည်း ချက်ချင်းရောင်းခြင်းထက် အော်ဒါအမှာနှင့် ဝယ်ယူရောင်းချမှုများဖြင့်သာ အရောင်းအဝယ် ပြုလုပ်နေကြောင်း သိရသည်။
ရွှေကုန်သည်လည်းဖြစ်သူ ဦးမျိုးမြင့်က "အဝယ်က တော်တော်လိုက်လာတယ်။ ဉပမာ ဆိုပါစို့ စော်ဘွားကြီးကုန်းက သံချောင်း ရောင်းတဲ့အဖွဲ့ပေါ့။ ဘဏ်ထဲကို ပိုက်ဆံမထည့်တော့ဘူး။ ငွေထုတ်သွင်းတာနဲ့ ဆိုတော့ ရွှေပဲ ဝယ်ကိုင်ထားလိုက် တယ်။ လယ်သမားတွေ ဆိုလည်း အခု နှမ်းဈေးကောင်းတယ်။ အဲဒီတော့ ရောင်းပြီး ရွှေပဲ ဝယ်ထားလိုက်တယ်။ ဘဏ်ထဲ မထည့်တော့ဘူး။ အပြင်က ကုန်သည်တွေက ဘဏ်ထဲငွေမထည့်ပဲ ရွှေပဲ ပြန်ဝယ်နေကြတာ” ဟု ပြောသည်။
ဩဂုတ်လအတွင်းက မြန်မာ့ရွှေဈေးသည် အကယ်ဒမီ အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၁၅ သိန်း ကျော်အထိ အနိမ့်ဆုံးဈေး ရှိခဲ့ပြီး ယခု အချိန်တွင် ကျပ် ၁၇ သိန်းကျော်အထိ အမြင့်ဆုံးဈေး တစ်ခု ဖြစ်လာသည်။
ကျောက်တံတားမြို့နယ်၊ ဆူးလေအနီး ရွှေဆိုင်ပိုင်ရှင် ဦးမျိုးကျော်က “ကျနော်တို့ကတော့ လက်ရှိ ကျန်းမာရေးနဲ့ ဘာနဲ့ ဆိုတော့ ဆိုင်ကတော့ ပိတ်ထားတယ်။
ရွှေဆိုင်ဆိုတာကလည်း ပိတ်မှ ဝယ်တဲ့သူက ရှိတာ။ လက်ကား အကြီးသမားတွေ အဝယ်ကတော့ ဟုတ်ပါလိမ့်မယ်။ ကျနော်တို့ အထည်သမားတွေဆီကျတော့ အဝယ်ထက် အရောင်းက များတယ်။ လူတွေက ငွေပဲ ကိုင်ထားချင်ကြတာ” ဟု CNI သတင်းဌာနသို့ သုံးသပ်ပြောပြသည်။
ယနေ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းရုံးတွင် အကယ်ဒမီ အခေါက်ရွှေ တစ်ကျပ်သား ၁၇ သိန်း ၈ ထောင် ကျပ်နှင့် ကမ္ဘာ့ရွှေ တစ်အောင်စ အမေရိကန်ဒေါ်လာ ၁၈၁၄ ဒေါ်လာ စတင်ဖွင့်လှစ်ထားသည်။